ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၀၊ ၂၀၂၄
မြန်မာနိုင်ငံတွင် နိုင်ငံသားတိုင်း အခြေခံလူ့အခွင့် အရေးကို ခံစားရပြီး တိုင်းရင်းသား တန်းတူရေးနှင့် ကျား-မ တန်းတူညီမျှမှုကို အာမခံချက်ပေးသည့် စစ်မှန်သော ဖယ်ဒရယ် ဒီမိုကရေစီ တည်ထောင်နိုင်မှသာ စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် ကပြောဆိုလိုက် သည်။
မြန်မာနိုင်ငံ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှု တို့ကို ဆောင်ရွက်နေသော မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် (Women’s League Of Burma) ၏ (၂၅)နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ နိုင်ငံရေး ရပ်တည်ချက် ကြေညာစာတမ်းကို ဒီဇင်ဘာလ (၉)ရက်နေ့မှာ ထုတ်ပြန်ထားသည်။
စစ်ပွဲများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကျူးလွန်းသည့် စစ်ကောင်စီကို အပြစ်ပေး အရေး ယူနိုင်ရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် နိုင်ငံတကား အသိုင်းအဝိုင်းကို တင်ပြတောင်းဆိုမှု အပြင် အမျိုးသမီး နိုဘယ်လ်ဆုရှင်များအဖွဲ့ (NWI)နှင့် ပူးပေါင်းပြီး ရာဇဝတ်မှု ကျူးလွန်သည့် စစ်ခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးသို့ ပို့ဆောင်ရန် WLB က တိုက်တွန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မပြီးဆုံးသေးသော တော်လှန်ရေးကို မဆုတ်မနစ်၊ ဇွဲ့ သတ္တိဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာတွင် အဖွဲ့ချုပ်အနေဖြင့် ဆောင်ရွက်မည့် အခြေခံမူများကို ချမှတ်ထားကြောင်း ဆိုသည်။
မြန်မာနိုင်ငံကျားမ တန်းတူပါဝင်ရေး၊ နိုင်ငံရေး ဆုံးဖြတ်ချက်ရာတွင် အမျိုးသမီးများ ကိုယ်စားပြုမှု အစိုးရအဆင့် အားလုံးနှင့် အချုပ်အခြာအာဏာ (၃) ရပ်တို့တွင် ထိရောက်သော အထူးစီမံ ဆောင်ရွက်ချက်များဖြင့် အနည်းဆုံး (၃၀) ရာခိုင်နှုန်းကို အာမခံဆောင်ရွက်ရမည် စသည့် အချက်အပါအဝင် အခြေခံမှု (၉)ချက်ကို ချမှတ်ထားကြောင်း ဖော်ပြထားသည်။
အလားတူ အာဏာရှင် စနစ်ကို ဆန့်ကျင်တော်လှန်နေကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အားလုံးကို မြန်မာအမျိုးသမီးအဖွဲ့ချုပ်(WLB)နှင့် အတူပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။
#PPV0011
#WLB
#ဖက်ဒရယ်ဒီမိုကရေစီ
#နိုင်ငံရေး
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။