ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၉၊ ၂၀၂၄
ရပ်စောက်မြို့နယ် ဆတ်သေ၊ မြေမဲ (ချို့ꩻထီဟမ်ႏဖြေင်း)ကျေးရွာတွင် SSPP/SSA ထံ၌ ပြောင်းတင်သည့် ကား၊ ထော်လာဂျီများအခွန်ဆောင်ရသည့်အပြင် PNO အကြီးအကဲနှင့်မိသားစုအပါအဝင် ရွာသားအားလုံး သွားလာခွင့်လက်မှတ်အခွန်ခပေးဆောင်နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေ၊ မြေမဲ (ချို့ꩻထီဟမ်ႏဖြေင်း)ကျေးရွာတွင် ရွာမှ ဂိုဒေါင်သို့ ပြောင်းသွားသွင်းရန်တင်ဆောင်သည့် ကဲန်တာ ၁၄ ပေတစ်စီး ၆ သောင်း၊ ထော်လာဂျီတစ်စီး ၄ သောင်း၊ ၂ သောင်းနှင့် PNO ပြည်သူ့စစ်အကြီးအကဲမိသားစုအပါအဝင် ရွာသားများအားလုံး သွားလာခွင့်လက်မှတ်ခွန် တစ်ဦး ၃ ထောင်ကျပ်နှင့်ပေးဆောင်နေရသည်။
“တစ်နှစ်တာအတွက်မဟုတ်ဘူးနော် ကားကတစ်ခါသွားရင်အာ့လောက်ပေးရတာ သွားလာခွင့်လက်မှတ်က ၇ ရက်စာ၊ တစ်လစာဆိုပြီးရှိတယ် PNO လူကြီးမိသားစုလည်းပေးရတာပဲ ကျန်တဲ့ရွာသားမပြောနဲ့ ခြံသွားရင်ဆောင်သွားရတယ် တစ်ရွာနဲ့တစ်ရွာသွားဖို့ဆိုလည်းဆောင်ထားရတယ် သူတို့စစ်ရင်ပြပေးပြီးမှ သွားလာလို့ရတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
သွားလာခွင့်လက်မှတ်အား SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ အုပ်ချုပ်ရေးဌာနမှထုတ်ပေးထားခြင်းဖြစ်ပြီး မိသားစု ငါးယောက်ရှိပါက ငါးစောင်ပြုလုပ်ရကြောင်း ဆိုင်ကယ်ခွန်နှင့် အရက်ခွန်များလည်း တောင်းဆိုရန်ရှိကြောင်း သိရသည်။
“ကားခွန်ကတော့ စပေးနေရပြီး ဆိုင်ခွန်၊ အရက်ခွန်နဲ့ ဆိုင်ကယ်ခွန်လည်း တောင်းမယ်လို့တော့ပြောတယ် ဘယ်လောက်တောင်းမလဲတော့မသိဘူး ဘယ်ခါတောင်းမလဲမသိဘူး” ဟု ၎င်းကဆက်ပြောသည်။
SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ အုပ်ချုပ်ရေးဌာနမှထုတ်ပေးထားသည့် သွားလာခွင့်လက်မှတ်သည် ရှမ်းဘာသာ၊ မြန်မာဘာသာနှင့် တရုတ်စာ ဝ ဘာသာဟုယူဆရသည့်စာ သုံးဘာသာနှင့်ထုတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
SSPP/SSA မှ မြေမဲရွာဘေး ဂနိုင်တွင် တပ်စခန်းတစ်ခုတည်ဆောက်ထားပြီး ဆက်သေအနောက်ဘက် သင်းကျိုင်းဘေး သစ်တောကြိုးဝိုင်းကွင်းတွင် တပ်စခန်းတစ်ခုတည်ဆောက်ထားကြောင်း ကျေးရွာဘေးတို့တွင်လည်း ဂိတ်တည်ဆောက်ထားပြီး နေ့စဉ်စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။
PPV001
ပုံ-အွန်လိုင်း
#ရပ်စောက်မြို့နယ်
#ဆတ်သေ
#မြေမဲ
#ချို့ꩻထီဟမ်ႏဖြေင်း
#SSPP/SSA
#ကား
#ထော်လာဂျီ
#အခွန်ဆောင်ရသည့်အပြင်
#PNO
#ရွာသားအားလုံး
#သွားလာခွင့်လက်မှတ်အခွန်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။