ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၇၊ ၂၀၂၄
မိုးဗြဲမြို့ နှင့် အနီးတစ်ဝှိုက်ရှိကျေးရွာများတွင် စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေသောကြောင့်ပြည်သူများ ဘေးလွတ်ရာသို့ရှောင်တိမ်းရာတွင် ရိတ်ပြီးသားစပါးပါသယ်ယူရန်အခက်ခဲရှိ နေကြောင်းသိရသည်။
ရှမ်း-ကရင်နီ (ကယား) နယ်စပ်၊ မိုးဗြဲမြို့ အနီးတစ်ဝိုက်တွင် စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲ ခြင်းများအဆက်မပြတ်ပြုလုပ်နေသည်။
” အခုအခြေအနေဆို ရှောင်နေရင်အကောင်းဆုံးပေါ့၊ စစ်တပ်က လက်နက်ကြီးတွေရွာထဲ ခနခနပစ်နေတယ်၊ ဒရုန်းတွေနဲ့လည်းဗုံးကြဲနေတယ်ပေါ့လေ၊ ဒါပေမယ့် စပါးပါသယ်သွားဖို့က အရမ်းခက်ခဲနေတယ်၊ သယ်ခတွေစျေးကြီးတယ်၊ ကားတွေ၊ထော်လာဂျီတွေရှိတဲ့လူကတော့အဆင်ပြေတယ်၊ ပြီးတော့ စစ်ရှောင်တဲ့နေရာမှာ စပါးတွေသိုလှောင်ဖို့လည်း နေရာကမရှိဘူးပေါ့လေ၊ တော်တော်လေးကိုခက်ခဲနေတယ်” ဟု တောင်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အဓိကမိုးဗြဲ၊ပီကင်းကောခူ၊ဝါရီကောခူ၊ကုန်းသာ စသည့်ကျေးရွာများရှိပြည်သူများသည် ဘေးကင်းရာသို့ ရွေ့ပြောင်းရန်လိုအပ်နေကြောင်းသိရ သည်။
စက်တင်ဘာလအတွင်းက မုန်တိုင်းကြောင့် လယ်ဧက အမြောက်အများပျက်စီးခဲ့ရပြီး ယခုစပါးများက မပျက်စီးဘဲကျန်ရှိနေသော စပါးများသာဖြစ်ကြောင်းသိရသည်။
” အရင်ခါရေကြီးတုန်းက စပါးအများကြီးမြုပ်သွားတာ၊ အခုဟာက လက်ကျန်လေးပေါ့လေ၊ နောက်ဆုံးစားစရာလေးပေါ့ ၊ မသယ်သွားနိုင်ဘဲချန်ထားရင်လည်း ငတ်ဖို့ပဲရှိတာပေါ့၊ ခုချိန်ထိ စပါးမသယ်သွားနိုင်လို့ လက်နက်ကြီးတွေကျနေပေမယ့် အိမ်မှာပဲကျန်နေခဲ့ရတဲ့လူတွေရှိသေးတယ်” ဟု ၎င်း ကဆက်ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီက မိုးဗြဲမြို့ ပေါ်ဦးရပ်ကွက်ရှိလူနေအိမ်ပေါ် ဒရုန်းဖြင့်ဗုံးကြဲချမှုကြောင့် မိသားစုတစ်ခုထဲက အမျိုးသား ၁ ဦးသေဆုံးပြီး၊ ကလေး ၂ ဦးနှင့် မိခင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#PPV003
#humanright
#မိုးဗွဲ
#တိမ်းရှောင်ရန်လိုအပ်
#စပါး
#လက်နက်ကြီး
VPNအခက်အခဲကြောင့်သတင်းများကိုVPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
youtube channel