ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၇၊၂၀၂၄
ယနေ့ခေတ်တွင် ပုံစံမျိုးစုံဖြင့်အမျိုးသမီး အကြမ်း ဖက်ခံသည့်ထဲမှ နည်းပညာအရ အကြမ်းဖက်မှုပိုမို ဆိုးရွားလာနေကြောင်း အမျိုးသမီးများက ၁၆ ရက် တာ လှုပ်ရှားမှု ဆောင်ရွက်သော ဖဲကြိုးဖြူနေ့တွင် ဖော်ထုတ် ပြောကြားခဲ့ကြသည်။
အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာ လှုပ်ရှားမှုဖဲကြိုးဖြူနေ့ကို သက်ဆိုင် ရာအမျိုးသမီးများအဖွဲ့အစည်း အသီးသီးတို့မှ ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသမီးအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှု ပုံစံများနှင့် အကြမ်းဖက်မှုများ ရပ်တန့် ပပျောက်ရေးအတွက် လူထုအသံကို ဖော်ထုတ်ခဲ့ကြသည်။
မိန်းကလေးများသည် လူမှုစီးပွားအရလည်းကောင်း၊ ရိုးရာ ယဉ်ကျေးမှုအရ လည်းကောင်း အကြမ်းဖက် ခံနေရပြီး၊ ယနေ့ခေတ် တွင် နည်းပညာအရ အကြမ်းဖက်မှုများ ပိုမို ဆိုးရွားလာနေကြောင်း ကြားသိရသည်။
“အခုဆိုရင်နည်းပညာအရ အကြမ်းဖက်တာတွေ က သိပ်ကို ဆိုးရွားလာတယ်။ ချစ်သူရည်းစားဘ၀ အတူတူနေကြပြီး အဆင်မပြေဖြစ်လာကြတဲ့ အခါမှာ လူမှုကွန်ရက် စာမျက်နှာတွေမှာ အဖြန့်ခံရတယ်။ တချို့ ဆိုရင်ပုံတွေရုပ်သံတွေနဲ့ခြိမ်းခြောက်ပြီးတော့ အတင်းအဓမ္မ ရယူတာတွေလဲရှိတယ်။ တချို့ဆိုရင် ကျူးလွန်ခံရသလို ၊ အတင်းပေးစားခံလိုက်တာလဲ ရှိတော့ ၂ ကြိမ် နစ်နာတာလဲ ကြုံရတယ်။ မိန်းက လေး တော်တော်များများက သူတို့နစ်နာမှုကို ကုစားပေးတာ မခံရဘူး။ တရားဥပဒေ စိုးမိုးမှုအားနည်းတဲ့ ကာလဆိုတော့ တိုင်တန်းသူလည်း နည်းလာတယ်။ ကျူးလွန်သူကို အပြစ်ပေးတာလဲ မရှိတဲ့အတွက် ကျူးလွန်သူက လွတ်မြောက်နေတယ်။ ဒါကမတရားမှုကို လက်ခံလိုက်တာနဲ့ အတူတူဖြစ်ပြီး ၊ နောက်ထပ်ဆက်လက် ကျူးလွန်ဖို့ လမ်းစဖွင့်ပေးလိုက်သလိုလဲ ဖြစ်နေပါတယ်”ဟု ရှမ်းတောင်ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ်တွင်လည်း သက်ငယ်မုဒိန်းမှုများ ကြုံတွေ့ခဲ့ရခြင်းရှိပြီး လက်ရှိ လူမှုကွန်ရက် စာမျက်နှာတွင် အမျိုးသမီးငယ်လေးများ နည်းပညာ ပိုင်းအရ အကြမ်းဖက်ခံရမှုများစွာ ကြုံတွေ့နေရကြောင်း အမျိုးသမီး တစ်ဦးက ရှင်းပြသည်။
ထို့ပြင် တက္ကသိုလ် များ၊ အထက်တန်းကျောင်းများတွင်လည်း အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း ၊ ကလေးသူ ငယ်များ အပေါ်တွင်ကိုယ် ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းများ လက်ရှိအခြေအနေ ဆိုးရွားလာနေကြောင်း ကြားသိရသည်။
နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက် အထိ လူထု အသိပညာပေး လှုံ့ဆော်မှု ကို ၁၆ ရက်တာ လှုပ်ရှားမှု အဖြစ် သတ်မှတ်ဆောင်ရွက်ကြခြင်း ဖြစ်ပြီ ၊ ဖဲကြိုးဖြူ တပ်ဆင်ထားခြင်းသည် အမျိုးသမီးများအ ပေါ် အကြမ်းဖက်ခြင်း ရှောင်ကြဉ်ပါမည်ဟု ကတိကဝတ် ပြုခြင်း အဓိပ္ပါယ်အဖြစ်ကမ္ဘာ တစ်ဝှမ်း ကျင်းပကြခြင်း ဖြစ်ပါသည်။
ယခုနှစ် ဆောင်ပုဒ်သည် “No Excuse: UNITE to End Violence Against Women & Girl” ဖြစ်ကြောင်း သိရသည်။
#PPV-006
#women
#womenright
#နည်းပညာ
VPNအခက်အခဲကြောင့်သတင်းများကိုVPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။