ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စားအုန်းဆီနှင့် စက်သုံးလောင်စာဆီ ဈေးနှုန်းများ ထပ်မံ မြင့်တက်လာကြောင်း ဒီဇင်ဘာလ (၆) ရက်တွင် သိရသည်။
တောင်ကြီးမြို့တွင် စာအုပ်ဖြင့် တစ်လ နှစ်ကြိမ် ရောင်းချပေးသော စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း မှာ ယခင် တစ်ပတ် ၇၅၀၀ ကျပ် မှ ၈၃၀၀ ကျပ် အထိ မြင့်တက်လာနေကြောင်း သိရသည်။
“အရင်တစ်ခေါက်တုန်းက ဧရာဝတီဘဏ် ကနေ AYA – PAY နဲ့ ရှင်းပေးရင် ၃၀၀၀ ကျပ် သက်သာတယ် ဆိုပြီး ဘဏ်အကောင့် ဖွင့်ခိုင်းတာ ၊ ဆီ တစ်ပိဿာ ကို ၅၀၀၀ ကျပ် လောက်ပဲ ကျတာပေ့ါ။ အကောင့် ဖွင့်ပြီးသား သူဆိုရင်တော့ ၂၄၀၀ ကျပ် သက်သာတာ ၊ အရင်တစ်လကပေါ့။ အိမ်ထောင်စု တစ်စုကို ၁၅ ရက် စားအုန်းဆီ တစ်ပိဿာနှုန်း နဲ့ တစ်လကို၂ ပိဿာ ပဲ ရောင်းပေးတယ်။ စားအုန်းဆီ တစ်ပိဿာ ၈၃၀၀ ကျပ် ဖြစ်သွားတာပေါ့။” ဟု စားအုန်းဆီ ဝယ်ယူသော အိမ်ရှင်မ တစ်ဦးက ပြော သည်။
နိုဝင်ဘာလ ၂၈ ရက်တွင် ဓါတ်ဆီ ၉၂ တစ်လီတာ ၃၀၆၀ ကျပ် ၊ ဒီဇယ် တစ်လီတာ ၂၇၂၅ ကျပ် ရှိရာမှ နိုဝင်ဘာ (၂၉) ရက်တွင် ဓါတ်ဆီ ၉၂ တစ်လီတာ ၃၁၂၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂၇၅၀ ကျပ် အထိ တက်လာခြင်း ဖြစ်သည်။
ထို ဈေးနှုန်းအတိုင်း ရှိနေရာမှ လက်ရှိ ဒီဇင်ဘာလ (၆) ရက်တွင် ဓါတ်ဆီ ၉၂ တစ်လီတာ ၃၁၇၀ ကျပ် ၊ ဒီဇယ် တစ်လီတာ ၂၇၃၅ ကျပ် ရှိကာ ဒီဇယ် တစ်လီတာ ၂၅ ကျပ် ကျဆင်း၍၊ ဓါတ်ဆီ ၉၂ တစ်လီတာ ဈေးနှုန်း ၅၀ ကျပ် မြင့်တက်လာနေကြောင်း သိရသည်။
“ခရီးသည် ပို့ဆောင်ရတာ အရမ်းအားနာတယ်။ ဆီဈေး တက်တော့ သွားရတဲ့ လမ်းကြောင်းတွေ ဈေးတက် ပြီး ယူရတယ်။ အရင်ကလို ငါးရာ၊ တစ်ထောင်နဲ့ မသွားနိုင်တော့ဘူး။ အစားအသောက် ပို့ဆောင်တဲ့ ဒယ်လီဗလီတွေလဲ အရမ်းခက်ခဲလာတယ်။”ဟု ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၆ ရက် ရှမ်းပြည်နယ်တောင်ပိုင်း လောင်စာဆီ ပေါက်ဈေးမှာ ၉၂ ဓါတ်ဆီ တစ်လီတာ ၃၁၇၀ ကျပ် ၊ ၉၅ တစ်လီတာ ၃၂၈၅ ကျပ် ၊ ဒီဇယ် တစ်လီတာ ၂၇၃၅ ကျပ် ၊ ပရီမီယံ ဒီဇယ် တစ်လီတာ ၃၃၈၀ ကျပ် အထိရှိကြောင်းသိရ သည်။
#PPV-006
#social
#စားအုန်းဆီ
#လောင်စာဆီ
#Taunggyi
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။