ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၄၊ ၂၀၂၄

စစ်အာဏာသိမ်း (၃)နှစ်ကျော် ကာလအတွင်း လူမှုကွန်ရက်‌ပေါ်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားမှု၊ လူထုလှုပ်ရှားမှုတွေနှင့် တော်လှန်ရေး အဖွဲ့အစည်းကို ထောက်ခံအားပေး‌ ရေးသားမှုကြောင့် လူ (၁၈၄၀)ဦး ဖမ်းဆီးခံခဲ့ရကြောင်း Data for Myanmar က ဒီဇင်ဘာ (၃) ရက်တွင် ဖော်ပြထားသည်။

(၂၀၂၄)ခုနှစ်အတွင်း ဖမ်းဆီးခံရသူဦးရေသည် (၃၅၁)ဦးရှိပြီး စစ်အာဏာသိမ်းမှု (၃)နှစ်ကျော် ကာလအတွင်း ကျား၊မ အလိုက်ဖမ်းဆီးခံရမှုတွင်အမျိုးသမီး (၆၅၇)ဦး၊ အမျိုးသား (၁၁၈၃)ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသူအများစုသည် လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်( Facebook) အပြင် အခြားအွန်လိုင်း ပလက်ဖောင်းတွေဖြစ်သည့် TikTok၊ Telegram နှင့် Viber မှ တစ်ဆင့် ဝေဖန်ရေးသားမှုတွေကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီကို ဝေဖန်ပြောဆို‌ရေးသားမှုကြောင့် ဖမ်းဆီးခံရသူအရေအတွက် အများဆုံးသည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ ဖြစ်ပြီး စုစုပေါင်း (၈၉၆) ဦးထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အင်တာနက်သုံးစွဲမှု လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး အမေရိကန်အခြေစိုက် (Freedom House) သတင်းလွတ်လပ်ခွင့်အဖွဲ့မှ နိုင်ငံပေါင်း (၇၂) နိုင်ငံကို စစ်တမ်း ကောက်ယူပြီး အောက်တိုဘာ (၁၆) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကမ္ဘာတွင် မြန်မာနှင့် တရုတ်နိုင်ငံသည် အင်တာနက်လွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေအဖြစ် ပူးတွဲစံချိန်တင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

စစ်ကောင်စီအနေဖြင့် လူမှုကွန်ရက်မှ တစ်ဆင့် လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေနှင့် အရေးယူခံရမည် ဖြစ်ကြောင်း (၂၀၂၂) ဇန်နဝါရီလ (၂၅) ရက်မှာ ကြေညာခဲ့သည်။

PPV0011
ပုံ-ခမ်းသားငေါဝ်း
#လူ့အခွင့်အရေး
#စစ်အာဏာသိမ်းကာလအတွင်း
#လူမှုကွန်ရက်‌
#ဝေဖန်ရေးသားမှု
#လူထုလှုပ်ရှားမှု
#တော်လှန်ရေးအဖွဲ့အစည်း
#ထောက်ခံအားပေး‌ရေးသားမှု
#Data for Myanmar
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed