ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၊ ၂၀၂၄

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် နားပုံကျေးရွာ အုပ်စုမှ အသက်(၂၈)နှစ်အရွယ်ရှိ အုပ်ချုပ်ရေးမှူးကို (RCSS) တပ်ဖွဲ့မှ သတ်ဖြတ်ပြီး တွဲဖက် စာရင်းဖြစ်သူကို ဖမ်းဆီးသွားကြောင်း SSPP Info က ဒီဇင်ဘာ(၁)ရက်နေ့ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ(၃၀) ရက် ည (၇)နာရီခွဲ အချိန်တွင်အုပ်ချုပ် ရေးမှူး တာဝန်ထမ်းဆောင်သူ စိုင်းစံအောင် အသက်(၂၈)နှစ်သည် နားပုံကျေးရွာ ဘုန်းကြီးကျောင်း ရှမ်းနှစ်သစ်ကူးကြိုဆိုပွဲသို့ ရွာသူကြီးအိမ်အလည်သွားပြီးအပြန် ည (၁၀)နာရီခွဲအချိန် နားပုံကျေးရွာ၏ နတ်စင် အနောက်ဘက်ရောက်နေစဉ် လုပ်ကြံ သတ်ဖြတ်ခံရကာ အခင်း ဖြစ်ပွားရာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် စိုင်းစံအောင်နှင့် တွဲ့ဖက်စာရင်း တာဝန်ထမ်းဆောင်သူ နားပုံကျေးရွာနေ အသက်(၃၁)နှစ်အရွယ် စိုင်းပန်တိကိုလည်း ၎င်း၏နေအိမ်တွင် သွားရောက်ရှာဖွေ ဖမ်းဆီးသွားကြောင်း ဖော်ပြထားသည်။

ပစ်ခတ်ခံရသူ စိုင်းစံအောင် နှင့် ဖမ်းဆီးခံရသူ စိုင်းပန်တိ တို့သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စု နားပုံကျေးရွာတွင်နေထိုင်ပြီး အများပြည်သူ ကြည်ညိုလေးစားသည့် ပုဂ္ဂိုလ် များဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး RCSS တာဝန်ရှိသူများကို ခမ်းသားငေါဝ်း ကကြိုးစားဆက်သွယ်ခဲ့သော်လည်းမရရှိခဲ့ပါ။

ယခုချိန်ကာလသည် ရှမ်းတပ် နှစ်ဖွဲ့ဖြစ်သော SSPP/SSAနှင့် RCSS/SSA တို့အပစ်ရပ်ပြီး အမြန်ဆုံးပေါင်း စည်းနိုင်ရန် ရှမ်းပြည်သူလူထုမှ ကြားဝင်စေ့စပ်ပေးနေစဉ်ကာလ ဖြစ်‌ကြောင်း SSPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SSPP/SSA အနေဖြင့် ရှမ်းတပ် နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေး အတွက် ရှေးရှူ့ကာ နှစ်ဖက်တိုက်ပွဲများ မဖြစ်ပွားစေရန် ထိန်းသိမ်းခဲ့သော်လည်း RCSS/SSA မှ အခွင့်ကောင်းအဖြစ် အသုံးချကာ တပ်စခန်းများ၊ တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများကို အကြိမ်ကြိမ် တိုက်ခိုက် သတ်ဖြတ် ဖမ်းဆီး နေကြောင်း ဖော်ပြထားသည်။

ပုံ SSPP Info

#ppv011
#နိုင်ငံရေး
#Humanright
#SSPP
#RCSS

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed