The People’s Voice – ခမ်းသားငေါဝ်း
Fact Checking – အချက်အလက်စစ်ဆေးခြင်း

ရှမ်း-(ကယား) ကရင်နီပြည်နယ်စပ် ဆီဆိုင်မြို့နယ် အောင်ကလပ်ကျေးရွာတွင် ထီးစဲခါးရေတံခွန်ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော် ၃ ပါးမှ စီးနှင်းလာသည့် မော်တော်ယာဥ်ကားအား ပတ်ခတ်ခံရမူနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့် လော်ဘီတို့က တယ်လီဂရမ်နှင့် ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတို့တွင် ဖြန့်ဝေထားမူ များစွာ ရှိနေပါသည်။

ဖြန့်ဝေသည့်အကြောင်းအရာများသည် လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်သည် စေတီတော် တည်ရန်အတွက် မန္တလေးသို့ လိုအပ်သောပစ္စည်းများဝယ်ရန် ထီးစဲခါးကျောင်းတိုက်ပိုင် မော်တော်ယာဉ်ဖြင့် ထွက်ခွာ လာစဉ် အောင်ကလပ်ကျေးရွာအနီးသို့အရောက် အသင့်စောင့်ဆိုင်းနေသော အကြမ်းဖက် KNDF/PDF များမှ လက်နက်ငယ်များနှင့် ဝိုင်းဝန်းပစ်ခတ်သည့်အတွက် ကားပေါ်တွင်ပါရှိတဲ့ ထီးစဲခါးကျောင်းတိုက်မှ ဆရာတော်ကြီး တစ်ပါးပျံလွန်တော်မူပြီး အခြား ဆရာတော် ၂ ပါးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သွားသည့် အကြောင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါသည်။

ထိုသတင်းကို စစ်ကောင်စီ၏ ဝါဒဖြန့်လော်ဘီအကောင့်များဖြစ်သည့် မှိုင်းဝေ၊ People media ၊ Snow Queen အကောင့်တို့မှ စတင်ဖြန့်ဝေထားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ သတင်းမီဒီယာများဖြစ်သည့် မြဝတီသတင်းဌါနနှင့် Eleven Media Group တို့တွင်လည်း နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင်မှာ ဖြန့်ဝေမူများပြုလုပ်ခဲ့ပါသည်။

သတင်းအမှား ဖြန့်ဝေမူ လင့်များ –

မြဝတီ – https://archive.ph/ABWCn
People Media – https://archive.ph/ZcXyT
Snow Queen – https://archive.ph/M9ZLE
Eleven – https://archive.ph/LKJcy

ထိုအကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ စစ်ကောင်စီဝါဒဖြန့်ထားမူနှင့် မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်နေသည့်အကြောင်းအရာများကို ဒေသခံများထံ စိစစ်စစ်ဆေးသည့်အခါတွင် စစ်ကောင်စီမှ လုပ်ကြံရေးသားထားသော ဝါဒဖြန့်သတင်းအမှားသာဖြစ်ပြီး ဘာသာရေးပဋိပက္ခ ပြဿနာများဖြစ်ပွားရန် ဖန်တီး လုပ်ကြံထားကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။

သတင်းစစ်ဆေးချက်

ရှမ်း-(ကယား) ကရင်နီပြည်နယ်စပ် လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျေးရွာ၏ ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော် ၂ ပါး ပစ်သက်ခံရသည့် အကြောင်းကို စစ်ကောင်စီလော်ဘီတို့ ဝါဒဖြန့်ထားသည့်အတိုင်း KNDF တပ်ဖွဲ့မှ ပြုလုပ်ခြင်း ဟုတ်မဟုတ်ကို မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့် ဒေသခံအသံနှင့် လွတ်လပ်ပြီး အမှီခိုကင်းသည့် မီဒီယာသတင်းဌါနတို့၏ ဖော်ပြရေးသားချက်များကို စိစစ်ခဲ့ပါသည်။

ရှမ်းပြည်နယ် အခြေစိုက်သတင်းဌါနဖြစ်တဲ့ သျှမ်းသံတော်ဆင့် သတင်းဌါန၏ ရေးသားဖော်ပြချက်တွင် ဆီဆိုင်- လွိုင်ကော်လမ်းမကြီးပေါ်တွင် သံဃာတော်များလိုက်ပါလာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ သောကြောင့် ကျောင်းထိုင်ဆရာတော်တပါး ပျံလွန်သွားပြီး၊ သံဃာ ၂ ပါးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီက ပစ်ခတ်သွားကြောင်းကို ရေးသားဖော်ပြထားပါသည်။

သျှမ်းသံတော်ဆင့် သတင်းလင့် – https://burmese.shannews.org/archives/45492

မဇ္စျိမ သတင်းဌါန၏ ဖော်ပြချက်တွင် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီအချိန်က ဆီဆိုင်-လွိုင်ကော်လမ်းမကြီးအတိုင်း ဆီဆိုင်မြို့ နယ်ဘက်သို့မောင်းနှင်လာသည့် ကရင်နီပြည်၊ လွိုင်လင်လေးမြို့၊ ထီးစဲခါးရေတံခွန်ကျောင်းတိုက်မှကား ကို အောင်ကလပ်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းက ပစ်ခတ်ခဲ့သဖြင့် သံဃာတော်များထိမှန်ခဲ့ကြောင်းကို PNLA ၏ ထုတ်ပြန်ချက်ကို မဇ္စျိမ သတင်းဌါနမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရေးသားဖော်ပြထားပါသည်။

မဇ္စျိမ သတင်းလင့် – https://bur.mizzima.com/2024/12/01/40383

ဒီဗွီဘီ သတင်းဌါနတွင်လည်း စစ်ကောင်စီတပ်က ဆီဆိုင်၊ လွိုင်ကော်လမ်းမကြီးပေါ်က ကားကို ဝိုင်းပစ်ကြခဲ့ပြီး အခုလို ဆရာတော်တွေ ထိခိုက်ဒဏ်ရာရတာ၊ ပျံလွန်တော်မူခဲ့တာလို့ ရေးသားဖော်ပြထားပြီး အောင်ကလပ်ကျေးရွာက စစ်ကောင်စီ စိုမိုးထားသည့် နယ်မြေနေရာလည်း ဖြစ်နေပါသည်။ စစ်ကောင်စီက ကိုယ်တိုင်ပစ်ခတ်ပြီး KNDF တပ်ဖွဲ့မှ လုပ်သလိုလိုနဲ သတင်းပြန်လွှင့်ထားကြောင်းကို DVB ၏ ဖော်ပြထားချက်တွင် ဖတ်ရှူ့နိုင်ပါသည်။

DVB သတင်းလင့် – https://burmese.dvb.no/post/680090

“အောင်ကလပ်ရွာနားမှာက PNO ပြည်သူ့စစ်နဲ့ဗမာစစ်သား (စစ်ကောင်စီ)တွေပဲရှိတာ အခုဆိုရင်နောင်ထော်မှာကော PNO ပြည်သူ့စစ်နဲ့ဗမာစစ်သားတွေအပြည့်ပဲ ဘယ်လိုလုပ် တောင်ဘက်ကအဖွဲ့ (တော်လှန်ရေးတပ်ဖွဲ့)ဖြစ်မလဲ တောင်ဘက်ကအဖွဲ့လာရင် သူတို့တိုက်ပွဲဖြစ်မှာပေါ့” ဟု ဒေသခံမှ ခမ်းသာငေါဝ်းထံသို့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောထားပါသည်။
ထို့အပြင် ယခင်က စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ဆရာတော်၏ ဘုန်းတော်ကြီးကျောင်းကို ထိမှန်သည့်အတွက် လက်နက်ကြီးများ ပစ်ခတ်ခြင်းမပြုလုပ်ရန် စစ်ကောင်စီတပ်ကို ထီးစဲခါး ကျောင်းထိုင်ဆရာတော်မှ သွားရောက် မေတ္တာရပ်ခံခဲ့ဖူးကြောင်း ဒေသခံ၏ ပြောကြားချက်ကို သျှမ်းသံတော်ဆင့်ထံမှ သိရှိခဲ့ရပါသည်။

သုံးသပ်ချက်

ရှမ်း-(ကယား)ကရင်နီ နယ်စပ် ဆီဆိုင်မြို့နယ် အောင်ကလပ်ကျေးရွာတွင် ဖြစ်ပွားသွားသည့် သံဃာတော်များ ပစ်ခတ်ခံရသည့် သတင်းသည် မှန်ကန်ပါသည်။
သို့သော် စစ်ကောင်စီ၏ ဝါဒဖြန့်ထားသကဲ့သို့ KNDF, PDF မှ ပစ်ခတ်သတ်ဖြတ်ခြင်း မဟုတ်ဘဲ စစ်ကောင်စီ၏ စိုမိုးနယ်မြေထဲတွင် စစ်ကောင်စီတပ်များမှ ပစ်ခတ်သတ်ဖြတ်သွားကြောင်းကို လွတ်လပ်ပြီးအမှီခိုကင်းတဲ့ သတင်း မီဒီယာဌါနများ၏ ရေးသားဖော်ပြချက်နှင့် ဒေသခံစကားအရ သိနိုင်ပါသည်။
စစ်ကောင်စီ အားပေးအားမြောက်ပြုသူနှင့် ဝါဒဖြန့်လော်ဘီများက ထီးစဲခါး ဆရာတော်ကြီးအပါဝင် သံဃာတော် ၂ပါး ပစ်ခတ်မူဖြစ်စဥ်၌ နယ်စပ်ဒေသဖြစ်သည့် ရှမ်းနှင့် (ကယား)ကရင်နီ ပြည်နယ်တို့တွင် မတူညီသည့် ကိုးကွယ်မူများကို အသုံးချကာ ကရင်နီတပ် KNDF နှင့် PDF တို့ စွပ်စွဲပြီး ဘာသာရေး ပဋိပက္ခဖြစ်ပွားရန် ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်နေကြောင်းကို သိရှိရပါသည်။
စစ်ကောင်စီတပ်သည် သူတို့၏ လူ့အခွင့်ရေးချိုးဖောက်မူ မှတ်တမ်းများကို ဖုံးဖိရန်အတွက် ဒီဂျစ်တယ် ပလက်ဖောင်း များဖြစ်သည့် တယ်လီဂရမ်၊ တစ်တော့ချန်နယ်နှင့် ဖေလ်ဘွတ်လူမှုကွန်ယက် စာမျက်နှာတွင် အဓိကထားပြီး သတင်းတု သတင်းမှားများကို နေ့စဥ်နှင့်အမျှ ဖြန့်ဝေနေပါသည်။ ထိုဖြန့်ဝေချက်များကို သက်ဆိုင်ရာ ဒေသ၏ သတင်းဌါနများက အချက်အလက်စစ်ဆေးပြီး ပြန်လည်တင်ပြခြင်းများ ပြုလုပ်ပေးမူများကို ကြည့်နိုင်ပါသည်။

MFCN – https://web.facebook.com/share/v/1BGua7JHGs/
SHAN News – https://web.facebook.com/share/v/15hdbe5hTY/
ခမ်းသားငေါဝ်း – https://web.facebook.com/share/p/1Adnzw5pVp/

သတိပြုရန်

ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာများကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းများကိုဝင်ရောက်ဖတ်ရှူ့ဖို့ အကြံပြု တိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ ပေးပို့မေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed