ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၊ ၂၀၂၄

မိုင်းနောင်မြို့နယ်ခွဲ မိုင်းယန်းအုပ်စုနှင့် ဝမ်စိမ်းအုပ်စုရှိ ရွာသားများ တောင်ယာသွားသည့် လမ်းမကြီးဘေးတွင် မြေမြုပ်မိုင်း တွေ့ရှိကြောင်း ဒီဇင်ဘာ(၂)ရက်နေ့ ၌ စုံစမ်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ၊ မိုင်းယန်းအုပ်စုရှိ ရွာက က‌လေးများ ဒီဇင်ဘာလ (၁)ရက်‌နေ့က နွားကျောင်းသွားရာ တောင်ယာသွားသည့်လမ်းဘေးတွင် မှိုင်းတွေ့ရှိခဲ့ပြီး မသင်္ကာလို့ ရွာသူကြီးကို ပြန်လာပြောရာ ဒီဇင်ဘာလ (၂)ရက်နေ့ ယနေ့တွင် ရွာသူကြီးနှင့် ရွာသားများ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

“အရင်ကလည်း မသင်္ကာတာတွေ့ခဲ့ရင် သွားမကိုင်ဖို့ ပြောထားတာကြောင့် ကလေးကပြန်လာပြီး ပြောပြတာ အဲ့တာနဲ့ ဒီမနက် ဟုတ်မဟုတ်သွားကြည့်ကြတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

မိုင်းတွေ့ရှိသည့် နေရာသည် ဝမ်စိမ်း၊ မိုင်းယန်း အုပ်စုရှိ ကျေးရွာများ တောင်ယာလုပ်ငန်းနှင့် ကျွဲနွား ကျောင်းသည့် လမ်းနေရာဖြစ်ကြောင်း သိရသည်။

“တကယ့်ကို လမ်းမဘေးမှာ ထောင်ထားတာဖြစ်ရင် ဒေသခံပြည်သူတွေပဲ ခံရတာ။ ကံကောင်းလို့ မပေါက်ကွဲသေးတာ။ ကြည့်ရတာ အဝေးထိန်းမိုင်းနဲ့တူတယ်။ ဘာလို့ဆို ဘေးနားထော်လာဂျီ သွားတဲ့အရာလည်း တွေ့တယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးလည်း ပြောသည်။

ထိုမိုင်းကို ရှင်းလင်းပေးဖို့ရန် ရွာသားများက အုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားပြီး ဖြစ်‌ကြောင်း၊ ယခုတွေ့ရှိသော မိုင်းသည် မည်သည့်အဖွဲ့၊ မည်သူမည်ဝါ ထောင်ထားတာကို မသိရှိရကြောင်း သိရသည်။

အလားတူ ယခုနှစ်အတွင်း ထိုနေရာနှင့် မနီးမဝေး‌နေရာမှာ မိုင်းပေါက်ကွဲသံကြားရပြီး ယခုတွေ့ရှိသော နေရာနှင့် အနီးနားတွင် ပေါက်ကွဲထား‌သောအစများ တွေ့ရကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲတွင် လက်ရှိ ရှမ်းတပ်ဖွဲ့ SSPP/SSAနှင့် RCSS/SSA တို့ တိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြပြီး SSPP/SSA အနေဖြင့် ဒေသခံများကို တောင်ယာသွားလျှင် ညဘက်စောပြန်လာကြဖို့နှင့် တောင်ယာညအိပ်မသွားကြဖို့ ‌‌သတိပေးထားကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-Cj
#လူ့အခွင့်အရေး
#မိုင်းနောင်မြို့နယ်
#မိုင်းယန်းအုပ်စု
#ဝမ်စိမ်းအုပ်စု
#တောင်ယာသွားသည့်လမ်းမကြီးဘေး
#မြေမြုပ်မိုင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed