ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၈၊ ၂၀၂၄
တရုတ်မြန်မာနယ်စပ် မူဆယ်ဆင်ဖြူဂိတ်တွင် တရုတ်ဘက်မှ မြန်မာသို့ တပိုင်တနိုင် ကုန်ပစ္စည်းတင်သွင်းမှုကို မြန်မာဘက်မှ ခွင့်မပြုပဲ ဖမ်းနေသောကြောင့် ကုန်တင်သည့် ဆိုင်ကယ်၊ တွန်းလှည်း နှင့် ခရီးသည်ကားများ တရုတ်ဘက်တွင်ပိတ်မိနေကြောင်း နိုဝင်ဘာ(၂၈)ရက်၌ စုံစမ်းသိရသည်။
တရုတ်ပြည်ဘက်မှ မူဆယ်ဘက်သို့ နိုဝင်ဘာ(၂၇)ရက်မတိုင်မီ အချိန်တွင် ဆင်ဖြူဂိတ်မှ ကုန်ပစ္စည်း တင်သွင်းလျှင် ဆိုင်ကယ်၊ တွန်းလှည်း၊ စက်ဘီးတို့ဖြင့် တင်သွင်းခွင့်ရပြီး နိုဝင်ဘာ(၂၇)ရက်ကစပြီး ကုန်ပစ္စည်းတင်လျှင် ဖမ်းနေသောကြောင့်နယ်စပ်တွင် ယာဥ်များပိတ်မိနေကြသည်။
“ဘာဖြစ်လို့ဖမ်းတာလဲ ဘာကြောင့်ဖမ်းတာလဲ မသိဘူး။ သိတဲ့အတိုင်းဆိုင်ကယ်ဆို သုံးညအိပ် လေးရက်စောင့်ပြီး ခက်ခက်ခဲခဲနဲ့တန်းစီပြီး ပစ္စည်းတင်ရတာအခုဖမ်းနေတော့ ဘယ်သူ့မှမထွက်ရဲကြဘူး။ အဆင်မပြေဘူး” ဟု ကုန်ပစ္စည်းတင်သည့် အမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
မူဆယ်ဆင်ဖြူဂိတ်တွင် မြန်မာဘက်မှအိမ်စီးကားတွေပါ ထွက်ခွင့်မပြုသောကြောင့် ကားများလည်းတရုတ်ဘက်တွင် ပိတ်မိနေကြကြောင်း သိရသည်။
အမျိုးသားတစ်ဦးကလည်း”အိမ်စီးကားလည်း တန်းစီထားတာမနည်းဘူး။ အိမ်စီးကားမှာလည်း တချို့ကြတော့ကုန်နည်းနည်းတင်တာရှိတယ် အဲ့လိုဆိုတော့ကုန်မတင်ထားတဲ့သူလည်းပိတ်မိနေတာ” ဟု ပြောသည်။
စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ထိန်းချုပ်ထားသည့်နယ်မြေတွင် ကုန်ပစ္စည်း စီးဆင်းမှုမရှိစေရန် ဂိတ်ဖြတ်သန်းခွင့်ကိုကန့်သတ်ထားကြောင်း သိရသည်။
” အဓိကတော့ ညီနောင်မဟာမိတ် အဖွဲ့ထိန်းချုပ်ထားတဲ့နယ်မြေကို ကုန်ပစ္စည်းမရောက်အောင် လုပ်တာပဲ။ တရက်တရက်မရိုးရအောင် မြန်မာဘက်ခြမ်းက တမျိုး တရုတ်ဘက်ခြမ်းကတမျိုး အလုပ်လုပ်စားရတာတကယ်မလွယ်ဘူး ခဏနေဖွင့်လိုက်တော်ကြာ ပိတ်လိုက်နဲ့ ငါတို့မှာဒုက္ခရောက်တယ်” ဟု အမည်မဖော်လိုသူတဦးလည်း ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ကောင်စီသည် နိုဝင်ဘာ(၂၆)ရက်ကမူဆယ် နယ်စပ် ဆင်ဖြူဂိတ်ကိုလာမည့် ဒီဇင်ဘာ(၁)ရက်နေ့မှစပြီး မူဆယ်မြို့ဘက်သို့စားသုံးကုန်တင်သွင်းမှုသာခွင့်ပြုပြီးတခြား လူသုံးကုန်ပစ္စည်းကိုတင်သွင်းခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်။
PPV0011
ဓာတ်ပုံ-Crd
#လူ့အခွင့်အရေး
#တရုတ်မြန်မာနယ်စပ်
#မူဆယ်ဆင်ဖြူဂိတ်
#တရုတ်ဘက်မှမြန်မာသို့
#တပိုင်တနိုင်ကုန်ပစ္စည်းတင်သွင်းမှု
#မြန်မာဘက်မှခွင့်မပြု
#ကုန်တင်သည့်ဆိုင်ကယ်
#တွန်းလှည်းနှင့်ခရီးသည်ကားများ
#တရုတ်ဘက်တွင်ပိတ်မိနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။