ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၈၊ ၂၀၂၄
ဆီဆိုင်မြို့တွင် စစ်ဘေးရှောင်ပြီး နေရပ်သို့ ပြန်လာသည့်အချိန်ကစ၍ ရပ်ကွက်နှင့်ကျေးရွာတို့တွင် စစ်ကောင်စီအတွက် ကားအကြိုပို့လုပ်ပေးနေရပြီး မလိုက်နိုင်ပါက ငွေငါးသောင်းပေးရကြောင်းဒေသခံထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရပ်ကွက်နှင့်ကျေးရွာတို့တွင် စစ်ကောင်စီသွားလိုသည့်နေရာများအတွက် ကားစီစဥ်ပေးရပြီး တစ်ချို့ရပ်ကွက်နှင့်ကျေးရွာများက ကားရှိသည့်အိမ်များမှ မဲနိုက်ပြီးသွားခြင်းမျိုးရှိသလို အလှည့်ကျနှင့်သွားသည့်ရပ်ကွက်များလည်းရှိပြီး မသွားလိုလျှင် စစ်ကောင်စီကို ငါးသောင်းကျပ်ပေးဆောင်ရသည်၊၊
“အိမ်တွေပြန်ဆောက်ဖို့လည်း ကြိုးစားနေရတယ်၊စား၀တ်နေရေးအတွက်လည်း ပူပန်နေရတယ်၊ကားချောဆွဲရင်ဈေးမထွက်ရဘူး၊ ချောဆွဲတာမလိုက်ရင်ငါးသောင်းပေးရတယ်ဆိုတော့လေ၊ ဈေးရောင်းတာတောင်အဲလောက်မကျန်ဘူး”ဟု အမည်မဖော်လိုသူအမျိူးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
တချို့ရပ်ကွက်နှင့်ကျေးရွာတွင် ကားရှိသည့်သူများက အိမ်တွင်မနေတော့သဖြင့် စစ်ကောင်စီကားချောဆွဲသည့်အခါ လိုက်နိုင်ရန် ရွာတွင်ငွေကောက်ပြီး အများပိုင်ကားဝယ်ခြင်းများရှိသလို တချို့ကျေးရွာနှင့်ရပ်ကွက်ကမဝယ်ပဲ ကားရှိသည့်အိမ်များကသွားပေးနေရကြောင်း သိရသည်၊၊
ကားချောဆွဲခံသည့်အမျိုးသမီးတစ်ဦးကလည်း”ကျမယောကျ်ားက ကားမောင်းလိုက်သွားရတော့ လူလည်းအလုပ်ပျက်တယ် ကားပျက်တော့လည်း ကိုယ့်ငွေနဲ့ကိုပြန်ပြင်ရတယ် ကားကပိုက်ဆံပေါနေလို့ဝယ်ထားတာမဟုတ်ဘူး ပြေးရလွားရတဲ့အခါလိုလို့ မရှိရှိတာရောင်းထုတ်ပြီး ဝယ်ထားတာ မလိုက်သွားရင်လည်းပေးဖို့ငွေကမရှိဘူးလေ”ဟုပြောသည်၊၊
စစ်ကောင်စီသွားလိုသည့်နေမရာမရှိသည့်အခါ အရေးပေါ်သွားလာရန်ရှိသည့်အခါ အဆင်သင့်ရှိနေစေရန်ဟုဆိုကာ ကားကို စစ်တပ်သို့သွားထားရပြီး နောက်ထပ်လာသည့်ကားများနှင့် ကားချင်းချိန်းပြီးမှသာလျှင် ပြန်လွတ်ပေးကြောင်း သိရသည်၊၊
လက်ရှိတွင် ဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စုနှင့် လွယ်ပွတ်အုပ်စုတွင် တိုက်ပွဲပြန်လှည်ဖြစ်ပွားနေပြီး ဒသခံများ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသလို ဆီဆိုင်မြို့နှင့်အနီးတဝိုက်ထိ စစ်ပွဲကူးလာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်၊၊
PPV014
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့
#စစ်ဘေးရှောင်ပြီးနေရပ်သို့ ပြန်လာသည့်အချိန်
#ရပ်ကွက်နှင့်ကျေးရွာ
#ကားအကြိုပို့လုပ်ပေးနေရ
#ငွေငါးသောင်းပေးရ