ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၇၊ ၂၀၂၄

ပြည်တွင်းမှာ (NUG)ထိန်းချုပ်နယ်မြေရှိ‌နေပြီ ဖြစ်ပြီး (NUG) အစိုးရအ‌နေဖြင့် အဝေးရောက် အစိုးရဖြစ်ရန်အကြောင်း မရှိတော့ကြောင်း၊ ပြည်ပရောက် (NUG)အစိုးရအဖွဲ့ဝင်များ ပြည်တွင်းပြန်လာရန်ယာယီ သမ္မတဒူဝါလရှီးလက နိုဝင်ဘာ(၂၆)ရက်ပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

NUG အစိုးရသည် အဝေးရောက်အစိုးရ ဖြစ်လို့မရကြောင်း၊ လက်တွေ့ကျကျ မြေပြင်တွင် အင်အားတည်ဆောက်ရမှာ ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ဝင်အားလုံး အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို လက်တွေ့ကျကျ လုံ့လထုတ်စေချင်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝန်း အတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလည်း ပြောနိုင်သလို အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလို့ ပြောနိုင်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

ထို့ကြောင့် ယာယီ သမ္မတ အနေဖြင့် မြေပြင်အင်အားကို စုစည်းဖိုအတွက် ပြည်တွင်းမှာ အင်အားတွေလာစုရန် နိုင်ငံပြင်ပကို ရောက်ရှိနေကြသည့် အစိုးရအဖွဲ့ဝင်တွေကို အလေးအနက်ထား တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

“အပြောင်းအလဲတွေ ခပ်စိပ်စိပ်လာနေတယ်ဆိုတာကို တွေ့ရတယ်။ တချို့ကလည်း အပြောင်းအလဲနှင့် ပတ်သက်ပြီး စိုးရိမ်ချက်တွေရှိနေတာ တွေ့ရတယ်။ တကယ်တော့ တော်လှန်ရေး အနက်သဘောကိုယ်၌က အပြောင်းအလဲကို ဖော်ဆောင်ခြင်း ဖြစ်တယ် ဆိုတာကို ကျွန်တော်တို့အားလုံး သတိရဖို့ လိုပါတယ်။ အဲ့ဒီ အပြောင်းအလဲဟာ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်ဖို့ပဲ ကျွန်တော်တို့အားလုံး ဝိုင်းဝန်း ရှေးရှုရမယ်လို့ ယူဆရတယ်။ အခုဆိုရင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာန အသီးသီးက သက်ဆိုင်ရာ ကဏ္ဌနယ်ပယ်အလိုက် လုပ်ရမယ့် မဟာဗျူဟာ ဆွေးနွေးချက်တွေကို လုပ်နေတာရှိပါတယ်။”ဟုယာယီသမ္မတက ပြောဆိုထားသည်။

လာမည့်(၂၀၂၅)ခုနှစ်အတွက်လည်း ကြိုတွက်ပြီး ပြင်ထားဖို့လိုသလို (၂၀၃၀)လောက် အထိ တွက်ချက်ပြီး ချိန်ဆ လုပ်ဆောင်တာတွေလည်း ရှိသင့်ကြောင်း လက်ရှိအခင်းအကျင်းကတော့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့နှင့် နိုင်ငံရေးအရ၊ စစ်ရေးအရ တိုက်ရိုက်ချိတ်ဆက်မှုအားနည်းသည့်အင်အားစုများတွင် ထင်မှတ်မထားသည့် စစ်ရေး၊ နိုင်ငံရေး ဖိအားများ ကြုံနေသည်ကို တွေ့ရကြောင်း ၎င်းကဆက်ပြောသည်။

“အရင်လို လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်လို့မရတော့ဘဲ ဖောက်ထွက်စဉ်းစားပြီး လက်တွေ့ကျကျ စဉ်းစားဆောက်ရွက်ဖို့ လိုအပ်တယ်”လို့လည်း တိုက်တွန်းထားသည်၊၊

မြနိမာနိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကလည်း “မြန်မာပြည်ထဲမှာ NUGထိန်းချုပ်နယ်မြေတွေ ရှိနေပြီဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ အစိုးရလို့ ကိုယ့်ကိုယ်ကို ခံယူထားရင် အစိုးရအဖွဲ့ဝင်တွေဟာ ပြည်တွင်းမှာ ‌အခြေစိုက်ရမှာ ဖြစ်တယ်။ PDF လူငယ်တွေပြည်တွင်းမှာ တိုက်ပွဲဝင်နေချိန်မှာ ပြည်သူတွေရဲ့ မိဘ၊ပြည်သူ့ အစိုးရလို့ ကိုယ့်ကိုယ်ကို ခံယူထားကြသူတွေ ပြည်တွင်းမှာ နေလို့ရပါလျှက် ပြည်ပမှာ ရောက်နေကြတာဟာ အလုပ်ကို ထိထိရောက်ရောက် မလုပ်နိုင်သလို သင့်လည်းမသင့်တော်ဘူး။ အခွင့်ထူးခံလူတန်းစား ဖြစ်နေတယ်” ဟု သူ့ရဲ့ လူမှုစာမျက်နှာမှာ ရေးထားဖော်ပြထားသည်။

ထို့ပြင် မျက်နှာချင်းဆိုင် အစည်းအဝေးလုပ်တာနှင့် အွန်လိုင်း အစည်းအဝေးလုပ်တာဟာ ထိရောက်မှုချင်း အရမ်းကွာကြောင်း၊ အွန်လိုင်းအစည်းအဝေးဆိုတာဟာ လူချင်းတွေ့ဆွေးနွေးတာနဲ့ယှဉ်ရင် ထိရောက်မှု အားနည်းကြောင်း ရေးသားထားသည်။

စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့တွေအပေါ် တရုတ်၏ ဖိအားနှင့် လွှမ်းမိုးမှုတွေရှိနေပြီး စစ်ကောင်စီအ‌နေဖြင့်လည်း တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးကြီးမားမားရှိနေတာကို တွေ့ရကြောင်း၊ ထိုအရာကို လျစ်လျူရှု၍ မရသလို ဒီအခြေအနေကနေ ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စဉ်းစားဖို့ လိုအပ်တယ်လို့လည်း ယာယီသမ္မတက ပြောထားသည်။

PPV0011
ဓာတ်ပုံ-NUG
#နိုင်ငံရေး
#ပြည်တွင်း
#NUGထိန်းချုပ်နယ်မြေ
#NUGအစိုးရအ‌နေ
#အဝေးရောက်အစိုးရ
#ပြည်ပရောက်NUGအစိုးရအဖွဲ့ဝင်များ
#ပြည်တွင်းပြန်လာ
#ယာယီသမ္မတဒူဝါလရှီးလ
#အွန်လိုင်းအစည်းအဝေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။