ခမ်းသားငေါဝ်း

နိုဝင်ဘာ ၂၆၊ ၂၀၂၄

မိုင်းရယ်မြို့တွင် စက်သုံးဆီ၊ ဓာတ်ဆီ လုံးဝပြတ်လပ်နေသောကြောင့် ဒေသခံများ အခက်တွေ့နေကြောင်း နိုဝင်ဘာ(၂၆)ရက် ယနေ့တွင် စုံစမ်းသိရသည်။

ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ဂိတ်များကို စစ်ကောင်စီမှ ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပြီးနောက် မိုင်းရယ်မြို့တွင် နိုဝင်ဘာ(၂၅)ရက်ကစပြီး ဓာတ်ဆီ၊စက်သုံးဆီ လုံးဝပြတ်လပ်သွားပြီး ပန့်ဆီဆိုင်များလည်း အကုန်ပိတ်ထား‌ကြောင်း ‌သိရသည်။

“တမြို့လုံးပတ်ကြည့်တယ်။ ဆီသွားဖြည့်တာ ပန့်ဆီဆိုင်ကြီး၊ ဆိုင်အသေး အကုန်မရတော့ဘူး ပြောတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

မိုင်းရယ်မြို့တွင် ဓာတ်ဆီပြတ်လပ်မှုကြောင့် ယခင်က ဝယ်ယူစုဆောင်းထားခြင်းမရှိသည့် ဒေသခံများအတွက် သွားလာရေး၊အလုပ်လုပ်ကိုင်‌ရေး အခက်ခဲဖြစ်နေကြောင်း သိရသည်။

“ပိုက်ဆံရှိတဲ့သူကတော့ အရင်ကတည်း တစ်ပုံးစပ်၊နှစ်ပုံးစပ် ဝယ်ယူစုဆောင်းထားတော့ တစ်လနှစ်လလောက်တော့ အဆင်ပြေလိမ့်မယ်။ မရှိတဲ့သူအတွက်ကတော့ အခုကတည်း ခက်ခဲပြီဗျာ” ဟု အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က ဆီပြတ်လည်း ဆီဆိုင်များ ပိတ်ထားခြင်းမရှိ‌ကြောင်း ယခုချိန်တွင် ဓာတ်ဆီက ဘယ်လ ၊ ဘယ်ချိန်ပြန်ရမည်ကို မသိကြောင်း၊ ပန့်ဆီဆိုင်များအနေဖြင့် တောင်ပိုင်း လွိုင်လင်ဂိတ်တွင် ကားပေးမဖြတ်တာကြောင့် ဆီပြတ်လပ်နေတာ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ် မြောက်ပိုင်း ကုန်စည် စီးဆင်းမှု မရှိစေရန် နိုဝင်ဘာလ(၁၄)ရက်ကစပြီး လဲချား၊ မိုင်းနောင်လမ်းခွဲ၊ မိုင်းရယ်အဝင် ကောင်းလမ်းဂိတ်၊ မိုင်းရယ်အထွက် ဟိုယဂိတ် တို့ကို ပိတ်လိုက်ခြင်းဖြစ်သည်။

PPV0011
ဓာတ်ပုံ-CJ
#လူ့အခွင့်အရေး
#မိုင်းရယ်မြို့
#စက်သုံးဆီ
#ဓာတ်ဆီ
#လုံးဝပြတ်လပ်နေ
#ဂိတ်များ
#ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed