ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၆၊ ၂၀၂၄

စက်သုံးလောင်စာဆီ စျေးနှုန်းများ ကျဆင်းလာနေသော်လည်း စားသောက်ကုန် စျေးနှုန်းများ အဆမ တန် ဆက်လက် မြင့်တက်နေသဖြင့် ပြည်သူအများ စားဝတ်နေရေး ခက်ခဲနေကြောင်း ကြားသိရသည်။

လွန်ခဲ့သော (၃) ရက် ခန့်က စက်သုံးလောင်စာဆီ စျေးနှုန်းများ ဒေါ်လာစျေး ၊ ရွှေစျေးများကျဆင်းလာသော်လည်း စားသောက်ကုန် စျေးနှုန်းများကျဆင်း လာခြင်းမရှိသည့် အပေါ်ကို မေးခွန်းထုတ်ရန် လိုကြောင်း ပြည်သူအများက ဆိုသည်။

“စက်သုံးဆီ စျေးနှုန်းတွေ ကျတာ ၂ ရက်ရှိနေပြီ။ စားသောက်ကုန် စျေးနှုန်းတွေ လိုက်မမှီအောင် တက်နေတုန်းပဲ။ တောင်ကြီးစျေးနေ့ မှာ စားဖိုဆောင်သီးနှံတွေ စျေးတက်နေတာ တစ်လ လောက် ရှိတော့မယ်။ စိုက်ပျိုးရေးသမားတွေ ပြောတာက သွင်းအားစုတက်လို့ သီးနှံတက်တယ် ပြောတယ်။ ဆီစျေးကျရင် ပြန်ကျသင့်တယ်လို့ထင်ပါတယ်။။ စီးပွားရေးသမားတွေ ကုန်သည်တွေကလည်း စားသုံးသူတွေကို ပိုပြီးငဲ့ညှာသင့်ပါတယ်။ ”ဟု စားသုံးသူ ပြည်သူတစ်ဦးက ပြောသည်။

ကုန်စျေးနှုန်းများ ကြီးမြင့်ရခြင်း အကြောင်းရင်းမှာ ဒေါ်လာစျေးတက်ခြင်းကြောင့် ၊ စိုက်ပျိုးရေး သွင်းအားစု များ စျေးမြင့်တက်ခြင်းကြောင့် နှင့် စက်သုံးလောင်စာဆီ စျေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ဟူ၍ စားသောက်ကုန် လုပ်ငန်းများဘက်မှ အကြောင်းပြကြသော်လည်း ဒေါ်လာစျေးနှင့် စက်သုံးလောင်စာဆီ စျေးနှုန်း ကျဆင်းလာချိန်တွင် ကုန်စျေးနှုန်း ပြန်လည် ကျဆင်းလာမည့် ရက်ကို စောင့်မျှော်နေကြောင်း ပြည်သူ တစ်ဦးက ဆိုသည်။

တောင်ကြီးတွင် ဝက်သား တစ်ပိဿာ လေးသောင်းကျပ်၊ အာလူးတစ်ပိဿာ ၁၂၀၀၀ ကျပ် ၊ ကြက်သွန် နီ တစ်ပိဿာ ၅၅၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၅၀၀၀ ကျပ် ၊ ငရုတ်သီးစိမ်း တစ်ပိဿာ ၁၇၀၀၀ ကျပ် ပေါက်စျေး ဖြစ်နေကြောင်း နိုဝင်ဘာလ ၂၅ ရက် တောင်ကြီး စျေးနေ့တွင်စျေးသည်များထံမှ သိရသည်။

စားသုံးသူ ပြည်သူ တစ်ဦးက“ အရင်က ဆိုရင်ဒေါ်လာစျေးကျပေမယ့်လည်း ဓါတ်ဆီ ၊ ဒီဇယ်စျေးတွေ မကျဘဲ တက်စျေး ရောင်းနေကြလို့ပြောကြတာလေ၊ အဲဒါ ၂၂ ရက်မှာ နည်းနည်းလေး စျေးပြန်ကျတာပေါ့။ အခုဒေါ်လာနဲ့ စက်သုံးလောင်စာဆီစျေးတွေ ပြန်ကျနေပြီ ၊ ကုန်စျေးနှုန်း ပြန်ကျမယ့်နေ့ကို ပြည်သူတွေ စောင့်နေတာပေါ့။ ”ဟု ပြောသည်။

နိုဝင်ဘာလ ၂၆ ရက် တောင်ကြီးမြို့တွင် ၉၂ တစ်လီတာ ၃၀၅၀ ကျပ် ၊ ၉၅ တစ်လီတာ​ ၃၂၅၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၇၂၅ ကျပ်၊ ပရီမီယံ ဒီဇယ် ၃၃၆၅ ကျပ် ပေါက်စျေး ရှိကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ၂၁ ရက်အတွင်း ဒေါ်လာ ၉၄ သန်းကျော်၊ ယွမ် ၁၂ သန်းကျော် နှင့် ဘတ် ၃၂၃ သန်းကျော် ထုတ်ရောင်းထားကြောင်း ထုတ် ပြန်ချက်အရ သိရသည်။

#PPV-006
#စျေးကွက်
#ကုန်စျေးနှုန်း
#လောင်စာဆီ

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed