ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၆၊ ၂၀၂၄
ကရင်နီပြည်နယ် စစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး (၇၄၀)ဦး ရှိပြီး တစ်ပြည်နယ်လုံး အတိုင်းအတာအားဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီး (၃၀၀၀)ဝန်းကျင်သည် အဟာရပြည့်ဝသော အစားအစာ ပံ့ပိုးမှု လိုအပ်နေကြောင်း နိုဝင်ဘာ(၂၅)ရက်က Interim Executive Council of karenni State ဌာနက ထုတ်ပြန်ထားသည်။
စစ်ပူကာလ ဖြစ်နေသည့် အလျောက် ကိုယ်ဝန်ဆောင် အားဆေးများနှင့် ပုံမှန်ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ လက်လှမ်းမီရန် အခက်ခဲကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။
ခရီး စရိတ်မတတ်နိုင်ခြင်း၊ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် စိတ်ချလုံခြုံစွာ မီးဖွားနိုင်ရန် ခက်ခဲခြင်း၊ မီးဖွားပြီးသော်လည်း နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အစာအဟာရ ပြည့်မှီစွာ စားသုံးနိုင်မှု အကန့်အသတ်များရှိနေကြောင်း ဖော်ပြထားသည်။
စုစုပေါင်း စစ်ရှောင် လူဦးရေအနက် အမျိုးသမီးပါဝင်မှု စုစုပေါင်း (၆၂,၁၁၅)ရှိပြီး ထိုအထဲမှ နို့တိုက်မိခင် (၃,၀၀၀) ဝန်းကျင်ရှိကြောင်း၊ မိခင်နှင့် ကလေးကာကွယ် စောင့်ရှောက်မှုအတွက် လိုအပ်သော အစီအမံများ ရေးဆွဲ အကောင်အထည်ဖော်ရန် အရင်းအမြစ်များစွာ လိုအပ်ကြောင်း ဖော်ပြထားသည်။
မီးမဖွားမီ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုများ၊ အရေးပေါ်ငွေကြေးထောက်ပံ့မှုများ၊ အဟာရ ပြည့်ဝသော အစားအစာ ပံ့ပိုးမှုများ၊ မီးဖွားပြီး ကိုယ်ဝန်စောင့်ရှောက်မှု၊ ကလေးငယ် ကျန်းမာရေး အစီအမံများကို အကောင်ထည်ဖော်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် (၁၈)နှစ်အောက် ကလေးငယ် စုစုပေါင်း (၄၀,၁၇၂) ယောက် သည် ကျန်းမာရေး၊ ပညာရေး၊အစာအဟာရနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားမှုများကို ဝန်ဆောင်မှုပေးနိုင်ရန် အထူးလိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောင်းပြင်ပ ပညာရေးအပြင် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာရပ်များ အထူးပြင်ဆင် ပံ့ပိုးခြင်း၊ ရှေးဦး ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအမံများအပြင် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး အစီအမံများ အကောင်အထည် ဖော်ရန် လိုအပ်နေကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်အတွင်းရှိ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများကို လိုအပ်သော အကူအညီများ ဆက်လက်ပံ့ပိုးပေးရန် တိုက်တွန်း နိုးဆော်ကြောင်း အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာနက ဖော်ပြထားသည်။
PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အမျိုးသမီးအရေး
#ကလေးသူငယ်အရေး
#ကရင်နီပြည်နယ်စစ်ရှောင်စခန်း
#ကိုယ်ဝန်ဆောင်အမျိုးသမီး
#အဟာရပြည့်ဝသောအစားအစာ
#Interim Executive Council of karenni State
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။