ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၅၊ ၂၀၂၄

လားရှိုးမြို့နယ်၊ သံလွင်ကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာလ (၂၅)ရက်တွင် ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ သံလွင်စံပြကျေးရွာကို စစ်ကောင်စီမှ နိုဝင်ဘာ(၂၄)ရက် ည(၈)နာရီခွဲခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်ရာ ဒေသခံ(၃)ဦး ဒဏ်ရာရခဲ့ပြီး ရွာစာသင်ကျောင်း ပျက်စီးသွားသည်။

“ရွာသားအများစုကတော့ ၁၀၂၇ ဒုတိယစစ်ဆင်ရေး ကစပြီး ရှောင်ကြတာ ခုထိပြန်မလာကြသေးဘူး။ တောင်ယာတို့၊ နီးစပ်ရာ အမျိုးတွေဆီ ရှောင်ကြတာ၊အနည်းစုလောက်ပဲ ပြန်လာကြတာ၊ မနေ့ည ပေါင် (၅၀၀)ဖြစ်လောက်တယ် (၃)ယောက်ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

သံလွင်စံပြကျေးရွာရှိ ရွာသားများသည် လေကြောင်းဗုံးကျဲမည်ကို စိုးရိမ်သောကြောင့် စိုက်ပျိုးထားသော လယ်ယာစပါးများကို ရိတ်သိမ်းပြီး အိမ်ကို မသယ်ပြန်ရဲကြကြောင်းသိရသည်။

နောက်ဒေသခံတောင်သူလုပ်ကိုင်သူတစ်ဦးကလည်း “စဉ်းစားတာက အိမ်မှာ ပြန်သွားထားလည်း လေကြောင်း ဗုံးကျဲရင် အကုန်ပါသွားမှာကို စိုးတာကြောင့် တောထဲမှာပဲ ထားတာက ပိုကောင်းမလားပေါ့။ အရင်တခေါက် ဗုံးကျဲတာ မိတ်ဆွေအိမ်ထိတော့ အကုန်မီးလောင် ကုန်တာကြောင့် စိတ်ပူတာ” ဟု ပြောသည်။

အလားတူ နိုဝင်ဘာလ (၂၄)ရက် ည(၈)နာရီကျော်တွင် ရှမ်းမြောက် နမ့်ပေါင်မြို့ကိုလည်း စစ်ကောင်စီမှ လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ရှမ်းမြောက်သို့ ကုန်စည်စီးဆင်းမှု မရှိစေရန် လက်ရှိတွင် ရှမ်းမြောက်သွားသည့် ဂိတ်များကို ပိတ်ပင်ထားပြီး ဒေသခံများအနေဖြင့် ကုန်ဈေးနှုန်း မြင့်တက်သည့် ဒဏ်ကို ခံစားနေရသည့်အပြင် လေကြောင်းတိုက်ခိုက်မှုကိုပါ စိုးရိမ်နေရကြောင်း သိရသည်။

PPV0011
ဗွီဒီယို-Crd
#လူ့အခွင့်အရေး
#လားရှိုးမြို့နယ်
#သံလွင်စံပြကျေးရွာ
#လေကြောင်းဗုံးကျဲတိုက်ခိုက်
#ဒေသခံ(၃)ဦးဒဏ်ရာရ
#ရွာစာသင်ကျောင်း
#ပျက်စီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။