ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၂၊ ၂၀၂၄
ဖယ်ခုံမြို့ တွင်း လုံးလုံးမအေးချမ်းသေးသဖြင့် ပြန်နေ၍မရသေးကြောင်း မြို့တွင်းခန ပြန်လာသူ ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိတော့သည့်အပြင် မိုင်းရှင်းလင်းရေးများ ပြုလုပ်နေပြီဖြစ်သောကြောင့် ပြန်လည်နေထိုင်နိုင်ကြောင်း စစ်ကောင်စီဖက်မှ ပြောဆိုမှု ရှိနေသော်လည်း နယ်မြေရှင်းလင်းမှု အားလုံးမပြီးသေးအပြင် အခြေအနေအလုံးစုံမတည်ငြိမ်နေသေးသောကြောင့် ပြန်လည်နေထိုင်၍မရသေးကြောင်းသိရသည်။
”ပြန်သွားလို့တော့ ရတယ်၊ ဒါပေမယ့် ဘာပစ္စည်းမှတော့ သယ်သွားခွင့်မပေးဘူး၊ ပြန်လာတဲ့ချိန်သူတို့က ဘယ်နေရာတွေမှာတော့မိုင်း ရှင်းပြီးပြီ၊ ဘယ်နေရာတွေမှာတော့ မရှင်းရသေးဘူး၊ သွားလို့မရဘူးဆိုပြီးပြောပြတယ်၊ မိုင်းရှင်းပြီးတဲ့ အိမ်တွေဆိုလည်း အမှတ်သားပြုလုပ်ထားတာတွေ့ရတယ်၊ ကိုယ့်အိမ်မှာ ပြန်အိပ်လို့အဆင်မပြေသေးရင် သူတို့လုံခြုံရေးယူထားတဲ့ နတ်တော ဘုန်းကြီးကျောင်း ကျောင်းမှာ လာအိပ်လို့ရတယ်လို့ပြောတယ်၊ ညပိုင်းအိပ်ရင်လည်း လက်နက်ကြီးသံတွေ ကြားရတယ်၊ ပြန်နေလို့တော့ မရသေးဘူး၊ မပြန်ကြသေးပါနဲ့လို့ပြောချင်ပါတယ်” ဟု ခနပြန်လာသူ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဖယ်ခုံမြို့အခြေအနေသည်အလုံးစုံ မတည်ငြိမ်သေးကြောင်း၊ အင်မတန်အန္တရာယ်များသည့်အခြေအနေဖြစ်နေသေးသောကြောင့် ပြည်သူများပြန်လာနေထိုင်ခြင်းမပြုကြရန် တော်လှန်ရေးတပ်များကလည်း အသိပေးတိုက်တွန်းထားသည်။
တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ” ဖယ်ခုံလက်ရှိအခြေအနေက ဘာမှအာမခံချက်မရှိဘူး၊ စစ်ကောင်စီထောင်ချောက်ထဲမဝင်မိဖို့လိုမယ်၊ ပြန်လာနေတဲ့သူရှိရင် စစ်ကောင်စီက အချိန်မရွေး လူသားဒိုင်းအဖြစ်ဖမ်းပြီးတော့ စစ်ကြောင်းထိုးလာမယ်၊ အဲ့ချိန်ကျရင် ကျွန်တော်တို့ စစ်ဆင်ရေးကို အများကြီးထိခိုက်သွားနိုင်တယ်၊ အားလုံးခက်ခဲနေကြတာသိပေမယ့် အမှန်တကယ်မအေးချမ်းသေးတဲ့အတွက် မပြန်ကြဖို့ပဲ တိုက်တွန်းပါတယ်” ဟုဆိုသည်။
စစ်ကောင်စီသည် ဖယ်ခုံ၊မိုးဗြဲ တို့တွင် စစ်အင်အားအမြောက်အများဖြည့်တင်းထားပြီး ဖယ်ခုံမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေကြောင်းသိရသည်။
photo credit
#PPV 003
#Humanright
#ဖယ်ခုံ
#မိုးဗွဲ
#စစ်ရှောင်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။