ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၁၊ ၂၀၂၄

အာလူး၊ ကြက်သွန် စျေးတက်နေသဖြင့် အိမ်တွင်းမှု လုပ်ငန်းများ အခက်ကြုံနေကြရပြီး လုပ်ငန်း ရပ်ဆိုင်းထားသော အကြော်ဖိုများလည်း ရှိကြောင်း အိမ်တွင်းမှု လုပ်ငန်းများထံမှ ကြားသိရသည်။

နိုဝင်ဘာလ တတိယပတ်တွင် အိမ်သုံးမီးဖိုချောင် စားဖိုဆောင်သီးနှံများ ဖြစ်သည့် ခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်နီ ၊ ငရုတ်သီး ၊ ဂေါ်ဖီ ၊ ပန်းမုန်လာ စသော သီးနှံများ အဆမတန် စျေးမြင့်တက်လာသဖြင့် လုပ်ငန်းများ အခက်အခဲကြုံတွေ့လာရ​ကြောင်း သိရသည်။

“အခု အာလူး နဲ့ ကြက်သွန်တွေ စျေးတအားတက်တော့ ကုန်ကြမ်းခက်ခဲလို့ အော်ဒါတွေအသစ် လက်မခံသေးဘဲ ခေတ္တရပ်နားထားရတယ်။ အောင်ပန်းမှာတင် စျေးနှုန်းက တစ်ပိဿာ ၈၅၀၀ ကျပ် ဖြစ်နေတာ လိုချင်တဲ့ အသီးကို မရသေးဘူး။ ကုန်ကြမ်းစျေးတက်တော့ ရောင်းရတာ အရမ်း အားနာတယ်။ ဒါကြောင့် အရည်အသွေးမှီတဲ့ ပစ္စည်းထုတ်လုပ်နိုင်ဖို့ အရောင်းခန ရပ်နားထားရတယ်။ ” ဟု အကြော်ဖို အိမ်တွင်းမှု လုပ်ငန်းတစ်ခုက ပြော သည်။

လူမှုကွန်ရက် စာမျက်နှာများတွင်လည်း အာလူးကြော် တစ်ထုပ် ၁၅၀၀ ကျပ် တန်မှ ၇၀၀၀ ကျပ် တန် အထိ ဖြစ်သွားခဲ့သော မေရီချို အာလူးကြော်ကို ပြသ၍ မစားနိုင်တော့ကြောင်း ပြောဆိုနေကြခြင်း ရှိပါသည်။

ထို မေရီချိုအာလူးကြော် လုပ်ငန်းမှာလည်းကုန်ကြမ်း ပြတ်လပ်နေသဖြင့် အော်ဒါ အသစ်များကို လက်ခံနိုင်ခြင်း မရှိသေးပါကြောင်း လက်တလော စားသုံးသူကို တောင်းပန်ထားသည်ကို တွေ့ရသည်။

စားအုန်းဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ် ၊ အာလူး တစ်ပိဿာ ၁၂၀၀၀ ကျပ် ဖြစ်နေသောကြောင့် အာလူးကြော် စျေးနှုန်းများ အဆမတန် မြင့်တက်လာနေပြီး လက်ရှိတွင် အောင်ပန်းအာလူးကြော် တစ်ပိဿာ ၄၅၀၀၀ ကျပ် မှ ၅၀၀၀၀ ကျပ် အထိ ပြန်လည်ရောင်းချခြင်း ရှိနေကြောင်း ကြားသိရသည်။

“ ကြက်သွန် ၊ အာလူးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ အကုန်လုံး စျေးတက်တယ်။ အာလူးခြောက်တွေ ၊ အာလူးကြော် တွေ ၊ အာလူးပေါင်း ၊ ကြက်သွန်ပေါင်း အခြောက်တွေ ရောပေါ့။ အာလူးကြော် တွေ အရမ်း စျေးတက်တော့ အရင်က တစ်ထောင်တန် ဆိုရင် အခု ဆို သုံးလေး ငါးဆ လောက် ခုန်တက်ကုန်တာပေါ့။ အာလူး ၊ ကြက်သွန်နီ ဆိုတာ မီးဖို ချောင် မှာ မရှိမဖြစ် သီးနှံ ဆိုတော့ စျေးတက်တော့ ဒုက္ခရောက်တာပေါ့။ ဆမူဆာ တွေ ၊ အိမ်တွင်း မှု အကြော်အလှော် လုပ်ငန်းတွေမှာ ဆိုရင်လည်း အာလူး ကြက်သွန် က မပါမဖြစ် ပဲ။ ”ဟု စားသုံးသူ တစ်ဦးက ပြောပြသည်။

ကြက်သွန်နီ တစ်ပိဿာ ၅၅၀၀ ကျပ် မှ ၆၀၀၀ ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈၀၀၀ ကျပ် ၊ အာလူး တစ်ပိဿာ ၁၀၀၀၀ ကျပ် အထိ ထူးကဲစွာ ကုန်စိမ်းသီးနှံများစျေးအဆမတန် မြင့်တက်လာနေသဖြင့် စားဝတ်နေရေး ပိုမို ကြပ်တည်းလာနေကြောင်း ပြည်သူအများက ညီးညူနေကြသည်။

#PPV-006
#KhamSarNgor
#ကုန်စျေးနှုန်း
#အာလူးကြော်
#အကြော်ဖို

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။