ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၀၊ ၂၀၂၄
နိုဝင်ဘာလ တတိယပတ်တွင် ကုန်စိမ်းသီးနှံ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာနေသဖြင့် စားသုံးသူ ပြည်သူအများ စားဝတ်နေရေး ကြပ်တည်းလာနေရကြောင်း သိရသည်။
နိုဝင်ဘာလ ၂၀ ရက် တောင်ကြီးစျေးနေ့တွင် အာလူး တစ်ပိဿာ ၁၀၀၀၀ ကျပ် ၊ အလုံးကောင်းလျှင် ၁၂၀၀၀ ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၇၀၀၀ ကျပ် မှ ၈၀၀၀ ကျပ် ၊ ကြက်သွန်နီ တစ်ပိဿာ ၅၅၀၀ ကျပ် မှ ၆၀၀၀ ကျပ် ၊ ပဲသီး တစ်ပိဿာ ၅၅၀၀ ကျပ် ၊ ဂေါ်ဖီထုပ် (အငယ်) တစ်ထုတ် ၂၅၀၀ ကျပ်၊ ပန်းမုန်လာ (အငယ်) တစ်ထုတ် ၂၀၀၀ ကျပ် ၊ ငရုတ်သီး (ကုလားအော်) တစ်ပိဿာ ၁၇၀၀၀ ကျပ် အထိ မကြုံစဖူး စျေးနှုန်းများ မြင့်တက်လာနေကြောင်း သိရသည်။
“ အာလူး တစ်ပိဿာ တစ်သောင်း ကျပ်၊ ၁၂၀၀၀ ကျပ် ဆိုတော့ မစားနိုင်တော့ဘူး။ ခရမ်းချဉ်သီးကလည်း ၈၀၀၀ ကျပ် တောင် ဖြစ်နေတယ်။ ကြက်သွန် နီ ၊ ငရုတ်သီး အဲ့သီးနှံတွေ အဆိုးဆုံး စျေးတက်လာပဲ။ အကုန်လုံး တက်နေတယ်။ ယာကွန်ဥ တောင် မဆီမဆိုင် စျေးတက်လာတယ်။ ဒါတောင် ဆန်ဆီဆား မပါသေးဘူးနော်။ ”ဟု စျေးဝယ် တစ်ဦးက ညီးညူပြောဆိုသည်။
အင်းလေးကန် ခရမ်းချဉ်သီး စျေးနှုန်း မြင့်တက်နေသည်မှာ တစ်လ ကျော် ကြာမြင့်နေပြီ ဖြစ်ကာ အသီး ရှားပါးသဖြင့် စျေးနှုန်း မြင့်တက်ခြင်း ဖြစ်ကြောင်း၊ မြေပြန့် ဒေသ စိုက်ပျိုးသော အသီးများ ပြန်လည်ထွက်ရှိ လာချိန်မှသာ ခရမ်းချဉ်သီး စျေးနှုန်း ပြန်လည် ကျဆင်းနိုင်မည် ဖြစ်ကြောင်း အင်းလေး ခရမ်းချဉ်သီး စိုက် ကျွန်းမျော တောင်သူများက ပြောသည်။
ယခု တစ်ပတ်အတွင်း အာလူး၊ ခရမ်းချဉ်သီး နှင့် ကြက်သွန်နီ(ရှမ်းအမျိုး) တို့သည် စျေးနှုန်း မြင့်တက်လာခြင်း ရှိကြောင်း အောင်ပန်း ကုန်စိမ်းပွဲရုံ ထံမှ ကြား သိရသည်။
အောင်ပန်း လက်ကား ဖြန့်ချီရေး စျေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာ ၇၀၀၀ ကျပ် ၊ အာလူး တစ်ပိဿာ ၈၅၀၀ ကျပ် အထိဖြစ်ကာ၊ ကြက်သွန်နီ စျေးနှုန်းမှာလည်း တစ်ပိဿာ ၅၀၀၀ ကျပ် မှ ၅၂၀၀ ကျပ် ပေါက်စျေး ရှိနေကြောင်း အောင်ပန်းပွဲရုံထံမှ သိရသည်။
အာလူးကတော့ ပစ္စည်းအဝင်နည်းပြီး စျေးအထွဋ်အထိပ်ထိရောက်ရှိခဲ့ကြောင်း၊အကြော်သီး ကတစ်ပိဿာ ၈၅၀၀ အထိရှိပြီး ပစ္စည်းပြတ်သလောက်ရှိနေခဲ့ပြီး၊ ဝယ်လိုအား နှင့် ရောင်းလိုအား Demand နဲ့ Supply မမျှတဲ့အချိန်မှာ ဘယ်ကုန်သီးနှံမဆို ဈေးတက်လေ့ရှိကြောင်း ဆိုသည်။
ကြက်သွန်နီသည် ရုတ်တရက် နိုဝင်ဘာလထဲတွင် ဈေးဆောင့်တက်သွားခဲ့ပါကြောင်း၊ ယခင်လတွင် တစ်ပိဿာ ၂၇၀၀/၃၀၀၀ ပတ်ဝန်းကျင်သာရရှိခဲ့သော်လည်း ယခုအချိန်မှာတော့ တစ်ပိဿာ ၅၀၀၀/၆၀၀၀ အထိရောက်ရှိလာနေကြောင်း အောင်ပန်းပွဲရုံ သုံးသပ်ချက်အရ သိရသည်။
#PPV-006
#ကုန်စျေးနှုန်း
#ကုန်စိမ်း
#စျေးတက်
#ရှမ်းတောင်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။