ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၀၊ ၂၀၂၄
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂)ဦးကို (UWSA)က တရုတ်ထံ နိုဝင်ဘာ(၁၉)ရက်နေ့က လွဲပြောင်းပေးခဲ့ကြောင်း ဒေသခံထံက သိရသည်။
ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂)ဦးနှင့်အတူ ဂြိုလ်တုအင်တာနက်(၇၆)ခု၊ ဖုန်း(၁၅၄၉)လုံးနှင့် ကွန်ပျူတာ(၈၂) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ကျားဖြန့်လုပ်နေကြတာက ကြာပြီလေမပြောလို့သာ။ ဆိုင်ရာဆိုင်ရာတွေ ရှိမှာပဲ။ ကိုယ်တေမသိနိုင်တဲ့ လုပ်ရပ်တွေလည်း အများကြီး။ အခုက ဖမ်းရတာ မြန်မာ လူငယ်လည်းပါတယ် ပြောတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်အရ (UWSA)က လွဲပြောင်း ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
UWSA ၏ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “UWSA လှုပ်ရှားနေတဲ့ တန့်ယန်း နယ်မြေမှာ ၁၀၀၀ ကျော် ဖမ်းမိပါတယ်။ ၇၆၂ ဦးက တရုတ်ပြည်က တရုတ်လူမျိုးပါ။ မိုင်းမောခရိုင် ပန်ဝိုင်မြို့နယ်မှာရှိတဲ့ ဒီယုံးဟော့ နယ်ခြားဂိတ်မှာ လွဲပြောင်းပေးခဲ့ပါတယ်” ဟု “ဝ”ဒေသ လူငယ့်အသံကွန်ရက်ကို ပြောကြောင်း Wa news Land သတင်းဌာနက ဖော်ပြထားသည်။
တန့်ယန်းမြို့တွင် UWSA ထိန်းချုပ်ပြီးနောက် ကျားဖြန့်လုပ်ကိုင်သူကို ဖမ်းဆီးခြင်းသည် ပထမဦးဆုံး ဖြစ်ကြောင်း သိရသည်။
တန့်ယန်းမြို့တွင် UWSA က (၁၀၂၇) စစ်ဆင်ရေးအတွင်း ပြီးခဲ့သည့် ဇူလိုင်လ (၁၀)ရက်နေ့ကစပြီး အင်အား (၁၀၀၀)ကျော်ဖြင့် တန့်ယန်းမြို့ထဲ ဝင်ရောက် တပ်စွဲထားခြင်း ဖြစ်ကြောင်း သိရသည်။
PPV0011
ဓာတ်ပုံ”အွန်လိုင်း
#တန့်ယန်းမြို့နယ်
#ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ
#တရုတ်နိုင်ငံသား
#UWSA
#တရုတ်ထံလွဲပြောင်းပေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။