ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၀၊ ၂၀၂၄
ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်း တံတားကိုစစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကယနေ့တွင်ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်- ဟိုနမ့်ပွန်ချောင်း တံတားကို ယနေ့မနက် ဆယ်နာရီခွဲအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့်ဗုံး ၃ လုံးကြဲချခဲ့ပြီး ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။
” ဒီမနက် ၁၀ နာရီခွဲမှာ စစ်ကောင်စီက အများပြည်သူသွားလာနေတဲ့ ပွန်ချောင်းတံတားကို လေယာဥ်နဲ့ ဗုံးသုံးလုံးကြဲတယ်၊ ပွန်ချောင်းတံတားအနီးမှာလည်းထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်၊ မြေပြင်အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး၊ လက်ရှိအနေအထားကတော့ ဒီလောက်ပဲပြောလိုပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ ကခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီ နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နယ်မြေအတွင်းထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။
”အဓိကကတော့ ကျွန်တော်တို့ ရှိနေတဲ့နေရာတွေကို စစ်ကောင်စီ နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ပါတယ်” လို့ ၎င်း ကဆက်ပြောသည်။
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ အင်အားငါးရာခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံထံကသိရသည်၊၊
ဒေသခံတစ်ဦးက “အယောက်ငါးရာလောက်ရှိမယ် လက်နက်ကြီးတွေကော် ဒရုန်းတွေကော်ပါတယ် ဟိုနမ်းတက်တဲ့လမ်းကို မနေကတည်းပိတ်ထားတာ” ဟု ခမ်းသားငေါဝ်းကိုပြောသည်၊၊
စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ယခုအချိန်ထိ အင်အားဖြည့်တင်းကာ PNLO နယ်မြေထဲသို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ရန် လုပ်ဆောင်နေလျက်ရှိကြောင်း PNLA ကထုတ်ပြန်ထားပါသည်။
PPV003
#စစ်ပွဲ
#ဆီဆိုင်မြို့နယ်
#ဆိုက်ခေါင်-ဟိုနမ့်
#ပွန်ချောင်းတံတား
#လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်
#ထိတွေ့တိုက်ပွဲများဖြစ်ပွား
#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။