ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၀၊ ၂၀၂၄

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် တန်ဆောင် တိုင် မီးပုံးပျံ ပွဲတော်ကာလ အမှိုက်ကား လာမသိမ်းသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။

တောင်ကြီးမြို့တွင် လုပ်ကိုင်ခွင့်ရ မွှေးတောင်ကြီး အမှိုက်သိမ်းဆည်းရေး လုပ်ငန်းသည် အမှိုက်ခွန်ကို လစဉ် ပုံမှန် မပျက်မကွက် ကောက်ခံသော်လည်း ချမ်းမြသာစည် ရပ်ကွက်ကို တစ်ပတ်လျှင် သောကြာ နေ့တိုင်း အမှိုက်ကား လာရမည်ကို ယခင် တစ်ပတ် သောကြာနေ့တည်းက မလာဘဲ မွှေးတောင်ကြီး ရုံးကို ဖုန်းဆက်ပြောသော်လည်း အမှိုက်ကား လွှတ်ပေးမည်ဟု ပြောဆိုပြီး လွှတ်ပေးခြင်း မရှိကြောင်း ၊ မင်းလမ်း ဘက်ကိုသာ ပုံမှန် အမှိုက်ကား သွားသိမ်းနေကြောင်းဆိုသည်။

“ မင်းလမ်းဘက်ကိုတော့ ပုံမှန် သွားသိမ်းနေပြီး မြို့ ပတ်လမ်း အနောက်ဘက်ခြမ်းကို အမှိုက် လာမသိမ်းပေးတာ ဘာသဘောလဲ မေးလိုက်ချင်တယ်။ ပိုက်ဆံပေးထားတာပါ အလကား သွန်နေတာ မဟုတ်ပါဘူး။ အမှိုက်ခွန် တိုးကောက်တိုင်းလဲ အမြဲ မငြီးမငြူ ထည့်ဝင်ပေးတာ ပါပဲ။ အခုက လွန်လွန်း အားကြီးလို့ ပြောတာပါ။ တစ်ပတ်ပြီး တစ်ပတ် မပြောဘဲနဲ့ နေလာခဲ့တာ အခုတော့ သည်းမခံနိုင်တော့လို့ပါ ”ဟု ချမ်းမြသာစည် ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပြသည်။

ထို့ပြင် တောင်ကြီးမြို့ ၊ မင်္ဂလာဦးရပ်ကွက်၊ ချမ်းသာရပ်ကွက်၊ ကန်ရှေ့ရပ်ကွက် ၊ ရေအေးကွင်းရပ်ကွက်၊ ကျောင်းကြီးစု ရပ်ကွက် ၊ ရတနာသီရိ ရပ်ကွက် တို့တွင်လည်း အမှိုက်ကား လာမသိမ်းသည်မှာ ကြာပြီ ဖြစ်ကြောင်း ပြည်သူများက ပြောပြသည်။

နိုဝင်ဘာလ ၂၀ ရက် အထိ တောင်ကြီးမြို့ ရေမြောင်း များ အတွင်း အမှိုက်ထုတ်များ စွန့်ပစ်မှု ပိုမို ဆိုးရွားလာ နေပြီး ၊ ရေမြောင်းများ အပြည့် အမှိုက်ထုတ်များ ညစ်ညမ်းနေသည်ကိုလည်း သိမ်တောင် အတက်လမ်း ရေမြောင်း အတွင်း မြင်တွေ့ခဲ့ရသည်။

တောင်ကြီးမြို့ရှိ ရေမြောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို ဖမ်းဆီးအရေးယူသွားမည်ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေး ကော်မတီ ထုတ်ပြန်ခဲ့သော်လည်း လုပ်ငန်းစဉ် မပါဝင်သဖြင့် လိုက်နာမှု အားနည်းလျက် ရှိနေကြောင်း ဒေသခံ တစ်ဦးက ထောက်ပြသည်။

“ တောင်ကြီးမှာ ရပ်ကွက်တစ်ခု အမှိုက်ကန် တစ်ခု အဲလို မထားနိုင်သေးဘူး လိုအပ်ချက် တစ်ခု ဖြစ်နေတာပေါ့။ ရန်ကုန်မှာ ဆိုရင် ရပ်ကွက် တစ်ခု အမှိုက်ကန် တစ်ခု ထားပေးတယ်။ နေ့တိုင်းလိုလို အိမ်ယာဝင်းတွေထဲကိုလဲ အမှိုက် လာသိမ်းပေးပါတယ်။ တစ်လမ်းဝင် တစ်လမ်းထွက် အမှိုက်သိမ်းပေးတယ်။ တောင်ကြီးမြို့ဟာ မြို့ကြီး ဖြစ်တာနဲ့ အညီ အမှိုက်သိမ်းတဲ့ လုပ်ငန်းလေးကိုတော့ နိုင်နင်းအောင် ဆောင်ရွက်ပေးသင့်တယ်။ ”ဟု ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးရှိ ဆိုင်ခန်းရှင် ပြည်သူတစ်ဦးက ပြောပြသည်။

တောင်ကြီးတွင် အမှိုက်ပစ်ခ (၅၀၀) ကျပ် ကို ကောက်ခံလျက် ရှိပြီး ရပ်ကွက်တိုင်းတွင် အမှိုက်ကန်များ မထားရှိနိုင်ဘဲ အနောက်မြို့ပတ်လမ်း တစ်လျှောက်တွင် ၃ နေရာ ခန့်သာ အမှိုက်ကန် ရှိနေကြောင်း သိရသည်။

ထိုမျှမက ရပ်ကွက်များတွင်းရှိ အမှိုက်ကန်မရှိသော အမှိုက်ပုံးနေရာများတွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်နေသော နေရာပေါင်း များစွာကိုလည်း ရှင်းလင်းနိုင်ကြောင်း မရှိသေးကြောင်း မြင်တွေ့ရသည်။

ထိုသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုခြင်းမှာ တောင်ကြီးမြို့ပေါ်တွင် တိုက်ပွဲရှောင်ပြည်သူများ ရောက်ရှိလာပြီး လူဦးရေမှာ (၂)ဆခန့် တိုးမြှင့်လျှက်ရှိနေသဖြင့် အကြောင်းပြချက် ပေးထားသည်။

အမှိုက်ကန်များတွင် အမှိုက်စွန့်ပစ်ခ ၅၀၀ ကျပ် ကောက်ခံနေသဖြင့် တောင်ကြီးမြို့ရှိ ရေနုတ်မြောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက် ခိုးပစ်သူ များလာကာ အမှိုက်များ မြောင်းအတွင်း ညစ်ညမ်းလျက် ရှိသည်ကို မြင်ရသည်။

#PPV-006
#social
#ပတ်ဝန်းကျင်
#Taunggyi
#မွှေးတောင်ကြီး
#အမှိုက်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *