ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၄၊ ၂၀၂၄

တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းတပ်မတော် ထိန်းချုပ်နယ်မြေတစ်နေရာတွင် နိုဝင်ဘာလ (၉)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA က နိုဝင်ဘာလ ၁၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ်(က)နှင့် (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးကာ သင်တန်းကာလ(၃)လကျော်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း ဦးရေ (၁၀၀၀)ကျော် တက်ရောက်ပြီးမြောက်ခဲ့ကြောင်းသိရသည်။

ထို့အပြင် အမျိုးသမီး စစ်သင်တန်းအပတ်စဥ်(၆၆) (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တအာင်းပြည် ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသမီး စစ်သင်တန်းဆင်းပွဲကို သင်တန်းသူ (၂၀၀) ဦးရေ ဝန်းကျင်ရှိပြီး သင်တန်းဆင်းသည့် အမျိုးသမီးစစ်မေများကို PSLF/TNLA၏ အဓိက ဌာနဆိုင်ရာဖြစ်သည့် အုပ်ချုပ်ရေးဌာန တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နှင့် စစ်ဦးစီးချုပ်ရုံးသို့ အသီးသီးတာဝန်ခွဲပေးအပ်ခဲ့ကြောင်း TNLA ကဆိုသည်။

အမျိုးသား အထူးတိုက်ခိုက်ရေးနှင့် အမျိုးသမီး အခြေခံစစ်သင်တန်းကာလအတွင်း သေနတ်ပစ်ထူးချွန်သူ၊သေနတ်တပ်ဆင်ဖြုတ် ထူးချွန်သူအား ဆုချီးမြှင့်ပြီး စစ်ဆင်ရေး နှင့် စစ်ရေးပြကာလအတွင်း အထူးတိုက်ခိုက်ရေး ထူးချွန်သည့် သင်တန်းသား/သူများကို ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်းသိရသည်။

ပြီးခဲ့သည့် မေလတွင်လည်း TNLA ၏ အခြေခံ စစ်သင်တန်းအပတ်စဥ်(၆၅)ကို သင်တန်းသူ/သား ဦးရေ (၁၀၀၀)ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

PPV 003
ဓာတ်ပုံ-TNLA
#စစ်ရေး
#တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်
#TNLA
#အထူးတိုက်ခိုက်ရေး
#စစ်သင်တန်းဆင်းပွဲ
#တအာင်းတပ်မတော်ထိန်းချုပ်နယ်မြေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed