ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၃၊ ၂၀၂၄

အွန်လိုင်းတွင်ယခုရက်ပိုင်း လိမ်နည်းအသစ်များဖြင့် အွန်လိုင်းမှငွေကြေး လိမ်လည်မှုများ လုပ်ဆောင်လာနေကြကြောင်း တောင်ကြီး၊ကလော ကြုံရသူထံသိရသည်။

လိမ်လည်သူများသည်လူမှုကွန်ရက် စာမျက်နှာများတွင် ရုပ်ရည်ချောမောလှပသော အကောင့်တုများဖြင့် အကောင့်အပ်ကြ မိတ်ဆက်လေ့ရှိပြီး ချက်ဘောက်မှ တဆင့်စကားလာပြောရောလေ့ရှိကြောင်း ၊ ထိုမှ တဆင့်ခင်မင်မှုရရှိစေရန် အချိန်ယူလုပ်ဆောင်ပြီးလိမ်ကြကြောင်း သိရသည်။

ထိုသို့ စကား ပြောပြီးမှ စီးပွားရေး အကြောင်း ပြောဆိုကြရင်း သူတို့၏ လုပ်ကိုင်နေသော အလုပ်အကြောင်းကို ရှင်းပြကာ ထိုအလုပ်သည် အမေရိကန် ဒေါ်လာ ဝင်သော အလုပ်ဖြစ်ပြီး ၊ App တစ်ခု တွင် အချိန် ခန အတွင်း ကလစ်ပေးရုံဖြင့် အမြတ်ငွေ ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။

“ အစတော့ အဲလိုပဲ ညီမ မအားလို့ ခနလောက် ကူညီပါလား။ အကို အကောင့်သစ် တစ်ခုကို ဖွင့်လိုက် ပေါ့။ နောက်ပြီး ညီမ အကောင့် ရဲ့ နံပါတ်နဲ့လျှို့ဝှက် နံပါတ်နဲ့ ဝင်ပြီး USD500 နဲ့ ထည့်ပြီး အော်ဒါတင်တာ၊ အကြိမ် ၄၀ တင်ပေးရတယ်။ တစ်ရက်ကို အကြိမ် ၄၀ ပဲ ပေးတယ်ပေါ့။ အဲဒါ လုပ်နေရင်း ၁၀ ကြိမ် လောက်ဆိုရင် ရပ်သွားတယ် လပ်ကီးပေါက်တာ ဆိုပြီးလိုအပ်တဲ့ USD ကို ထပ်ဖြည့်ပေးရတယ်။ အကူအညီ စင်တာမှာ စာရေးလိုက်ရုံနဲ့ ငွေလွှဲလိုက်ရင် အကောင့်ထဲ ငွေဝင်သွားတယ်ပေါ့။ အဲလို လုပ်ရင်းနဲ့ USD 500 နဲ့ အော်ဒါ တင်ပေးတာ USD 700 ချက်ချင်း ရလိုက်တယ်။ သူ့အကောင့်ကို တင်ပေးတဲ့အတွက် ကိုယ့်အကောင့်မှာလည်း 18 USD ဒေါ်လာ က ရောက်နေတယ်ပေါ့။ အဲဒါကို သူပြောတဲ့ အတိုင်း ဆက်လက် တင်ပေးလိုက်တဲ့ အခါ ငွေ ရှစ်သောင်းလောက် ရလိုက်တယ်။ နောက်တစ်ရက်လဲ ဒီတိုင်းပဲ ကူညီပါဦး ဆိုပြီး ထပ်လုပ်ပေး၊ လပ်ကီး ထပ်ပေါက် ပြန်ရော ငွေထပ်ဖြည့်ပြီး တင်ပေးလိုက်တာ ပိုက်ဆံ အများကြီးရသွားတယ်။ အဲဒါ အရင်နေ့က ကိုယ်ကတင်ပေးထားလို့ ကော်မရှင်ခ အမေရိကန် ဒေါ်လာ 55 USD တောင် ရောက်နေတာ ဆိုပြီး ဆက်လက် အော်ဒါတင်ခိုင်းတာ အကြိမ် ၂၀ ကျော် တော့ လပ်ကီးပေါက်တယ် ဆိုပြီး ငွေဖြည့်ခိုင်းတယ်။ ဖြည့်စရာ မရှိဘူး ပြောရင် တခုခု ရှိတာ ရောင်းပြီး ဖြည့်ခိုင်းတယ်။ အရင်ရက်က ပေါက်ထားတာတွေ ထည့်ခိုင်းတယ်။ ကိုယ့်ဖက်က ပြီးအောင်လုပ်မှ သူ့ဘက်က ထုတ်လို့ရမယ်ဆိုပြီး ချည် လာတယ်။ စိုက်ပြီး လုပ်ပေးလိုက်လေ ပြောတော့ အမျိုးမျိုး ကျိန်ဆဲပြီး ထွက်သွားတယ်။ သူတို့က ငွေ ကို ရသလောက် အဲလိုနည်းလမ်းနဲ့ လိမ်ပြီး ယူတော့ မှာ ”ဟု ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောသည်။

ကလောမြို့မှ နစ်နာသူ အမျိုးသမီး တစ်ဦးကလည်း “ ကျွန်မ လဲ အဲဒီနည်းလမ်း အတိုင်းပဲ လပ်ကီးကုတ်ကျတယ်ဆိုပြီး ကျွန်မငွေပြန်လိုက်တာ သိန်း ၃၅၀ လောက် ပါသွားတယ်။ ပြန်မရတော့ဘူး။ အခုထပ်ပြီးတော့ အိမ်ရောင်းခိုင်းပြီး ၃၇၀ ကို ထပ်တောင်းသေးတယ်။ အိမ်နဲ့ ခြံနဲ့ ကိုပါ ပေါင် ခိုင်းသေးတယ်။ ”ဟု ပြောသည်။

ထိုနည်းလမ်းအတိုင်းပင် သိန်း ၄၀၀ ကျော် ပါသွားသူ၊ သိန်း ၈၀၀ ကျော် ပါသွားသူ များလည်း ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် အလိမ်ခံရသော ဖြစ်စဉ်များ ပြန်လည် မျှဝေထားသည်ကိုလည်း မြင်တွေ့ရသည်။

“ ကျွန်တော်တုန်းက အဲ့အကောင့်က ချောချောလေး တင်ထားပြီး ဘန်ကောက်မှာ နေတယ်လို့ မိတ်ဆက်တယ်။ ရှမ်းပြည်သားအချင်းချင်း ခင်ချင်ပါတယ်ပေါ့။ သူ့မိဘတွေက အထည်ဆိုင် ဖွင့်ထားတာ သူက လုပ်ကူနေတယ်။ အဲလို မိတ်ဆက်တာ တစ်ပတ် လောက် နီးပါးလောက် ၊ နောက်တော့မှ သူက TiktokShop ဆိုပြီး Link တစ်ခု ပို့လာတယ်။ App ကနေ တဆင့် အဲဒီအတိုင်းပဲ သူ့အကောင့်ကို ဝင်ဆော့ပေး၊ အော်ဒါ တင်ပေးရုံနဲ့ အမေရိကန် ဒေါ်လာ ၅၀၀ လောက် ထည့်ဆော့တာ ။ အော်ဒါပစ္စည်းကြီးကြီး ပါတယ်ဆိုပြီး ငွေထပ်လိုက်တာ ၂ ကြိမ် လောက်မိတယ်။ ကံကောင်းလို့ မိတာလို့လဲ ပြောတယ်။ အဲလို ပစ္စည်းကြီးကြီးပါရင် အမြတ်ငွေ များများ ရတယ် ဆိုတာကိုလည်း တစ်ကြိမ် လုပ်ပြီးတိုင်း တစ်ကြိမ် အသေးစိတ် ပြန်ရှင်းပြတယ်။ အဲဒီထဲက သိပ်တော့သဘောမပေါက်ဘူး၊ လိမ်တော့မယ် ဆိုတာ နည်းနည်းမှ သံသယ မဝင်ဘူး။ တကယ် မှန်ကန်တယ် ဆိုရင် ထပ်ရှင်းပြစရာမ လိုတော့ဘူးလေ။ အဲဒါ ဒေါ်လာ ၅၀၀ လောက်ထည့် ဆော့တာ ဒေါ်လာ တစ်ထောင်ကျော် တောင်ပေါက်တယ်။ ငွေလဲနှုန်းက ၅၃၀၀ ကျပ် နဲ့ တွက်တယ်။ သူ့ကို ကူညီပေးတဲ့ အတွက်ကိုယ့်အကောင့်မှာလည်း ၁၈ ဒေါ်လာ ဝင်နေတယ်ပေါ့။ ဆက်လက် တင်သွင်းပေးလိုက်ရင် တစ်သိန်းကျော်ရတယ်။ တစ်ရက်တစ်သိန်း ဝင်ရင် တစ်လကို သိန်း ၃၀ ရပြီပေါ့ ပျော်နေတာ။ နောက်တစ်နေ့လဲ အဲလိုပဲ ကူညီတင်ပေးတာ ဒေါ်လာ တစ်ထောင်ကျော် ပေါက်သွားတယ်။ သူ့အကောင့်ကိုတောင် ပေးဝင်တာ ဆိုတော့ ယုံမိတာပေါ့။ အဲမှာ ဒေါ်လာ ၂၀ ကျော်လား မသိဘူး။ ကိုယ့် အကောင့်ထဲမှာ ရောက်လာတယ်။ အဲဒါကို ဆက်လက် တင်သွင်းပေးတာ မဲပေါက်တယ် ဆိုပြီး တစ်သိန်း တောင်းတယ်။ KPay ကနေ တဆင့် လွှဲပေးရတယ်။ နောက် တစ်ကြိမ် နှစ်သိန်းခွဲ ထပ်တောင်းတယ်။ ရပ်မရတော့ဘူးဆိုလို့ ငွေချေးပြီး လိုက်မိတာ ၊ နောက် ထပ် ပစ္စည်းကြီးကြီးပါလာတယ် ဆိုပြီး ငါးသိန်းခွဲ ထပ်တောင်းတယ်။ အကောင့်ထဲမှာ ဒေါ်လာ ၁၂၀ လောက် ပိတ်မိသွားတယ်။ အကြိမ်ရေ ၂၀ နီးပါး တင်သွင်းဖို့ ကျန်သေးတယ်။ တစ်ရက်တာ အကြိမ် ၄၀ ကို ကုန်မှ ငွေထုတ်လို့ ရတာတဲ့။ ဒါဆို ညီမ စိုက်ပေးပါလား ချေးပါလား ဆိုတော့ မြန်မာငွေ ထည့်လိုက် ဒေါ်လာ ထည့်လိုက် ဆိုရင်အကောင့်ပျက်တယ်လို့ပြောတယ်။ အဲဒီ တချက် က လုံး၀ သံသယ ဖြစ်စရာပဲ။ အကောင့်ထဲက ၆ သိန်းက ဆုံးသွားတယ်ပေါ့။ ဆက်မလိုက်တော့ဘဲ ဒီနေ့ထိ ထားလိုက် တယ်။ ”ဟု တောင်ကြီးမြို့မှ အလိမ်ခံရသူ တစ်ဦးက ပြောသည်။

ထိုသို့ အွန်လိုင်းမှ လိမ်လည်နည်းလမ်းများကို မသိနားမလည်ဘဲ အလိမ်ခံရမည် ကို လေ့လာကြရန် နှင့် အထူး သတိထားကြရန် လိုအပ်ပါကြောင်းကိုအလိမ်ခံရသူများကပြောသည်။

ပုံစာ- လိမ်လည်သည့်အကောင့်အများစုသည့် ပုံလှလှဖြင့်တင်ထားသည်။

#PPV-006
#social
#လိမ်နည်းအသစ်
#အွန်လိုင်းလိမ်လည်မှု

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *