ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၂၊ ၂၀၂၄
ပင်လောင်းမြို့နယ်၊ ဗန်းမောက်ရွာအသက်(၃၄)နှစ်အရွယ်အမျိုးသမီးတစ်ဦး ဒရုန်းဗုံးကြဲထိမှန်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးများအကူအညီလိုအပ်နေကြောင်း ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲကြောင့်ဒေသခံများပိတ်မိနေပြီး အောက်တိုဘာလ(၃၁)ရက်နေ့တွင် စစ်ရှောင်ရန်ထွက်လာစဥ် ဒရုန်းဖြင့်စစ်ရှောင်ကားတန်းပေါ် ဗုံးကြဲချခံရသဖြင့် (၈)နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အမျိုးသမီး(၃)ဦး သေဆုံးခဲ့ရသည်။
“ဒရုန်းဗုံးထိတော့ သူခြေထောက်ကျိုးသွားတာ အခုကနေရာအသုံးအဆောင် ဆေးကုဖို့သွားလာစရိတ်တွေ၊ ခြေထောက်အတွက် ဂျိုင်းထောင့်တဲ့ဟာတွေပေါ့ လို့အပ်တာက အလေးအပေါ့သွားတာအဆင်မပြေလို့လေ၊ (၂)လလောက်ဒီတိုင်းပဲနေရာတာမို့လို့ သူ့အတွက်ဂျိုင်းထောက်ပါရင် အပေါ့အလေးသွားရတာအဆင်ပြေတယ်တဲ့ အခုဆေးကုပေးတာကလည်း (၁၀)သိန်းကျော်ကုန်နေပြီ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဒရုန်းဗုံးကြဲချမှုကြောင့် အသက်(၁၉)နှစ်အရွယ်သားဖြစ်သူကိုလည်း ကျောဘက်တွင် ထိခိုက်ဒဏ်ရာရခဲ့သေးကြောင်း သိရသည်။
“ဒီလိုနိုင်ငံရေးက ပြည်သူကိုပြည်သူမှန်းသိသိရက်နဲ့ ဒရုန်းတမင်ချနေတာဆိုတော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး၊ အမြန်ငြိမ်းချမ်းပါစေလို့ပဲမျှော်လင့်တယ် ခုဆိုလယ်စပါးတွေလည်း ပြန်သိမ်းရဖို့ပဲမျှော်လင့်တယ်၊ ရွာကိုပဲအမြန်ပြန်ချင်တယ် ဘယ်အဖွဲ့အစည်းကိုမှလည်း မမြင်ချင်ဘူး နိုင်ငံရေးကနားမည် ခုလိုထပ်ဖြစ်တော့ ပိုတောင်နားမလည်နိုင်တော့ဘူးကွယ်” ဟု၎င်းကဆက်ပြောသည်။
ရှမ်း-ကယားနယ်စပ်တွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံများသည်လည်း ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေထိုင်ရသောကြောင့် စားဝတ်နေရးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အကူအညီလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
#PPV007
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#ဗန်းမောက်ရွာ
#အသက်(၃၄)နှစ်အရွယ်
#အမျိုးသမီးတစ်ဦး
#ဒရုန်းဗုံးကြဲထိမှန်မှုကြောင့်
#ပြင်းထန်စွာဒဏ်ရာရရှိခဲ့
#ဆေးဝါးများအကူအညီလိုအပ်နေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။