ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၃၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသထွက် ခရမ်းချဉ်သီး စျေးနှုန်းသည် နိုဝင်ဘာလတစ်ဝက်နီးပါး အထိ စံချိန်တင် အမြင့်စျေး တန့်နေကြောင်း ခရမ်းချဉ်သီး ကျွန်းမျော တောင်သူများထံမှ သိရသည်။
နိုဝင်ဘာလ(၁၂) ရက်တွင် အင်းလေးကန် ခရမ်းချဉ်သီး တစ်တင်းလျှင် တစ်သိန်းခွဲ ကျပ်နှုန်း ပေါက်စျေး ဖြစ်နေပြီး၊ အဝယ်စျေး တစ်ပိဿာ ၅၅၀၀ ကျပ် ၊ အရောင်းစျေး တစ်ပိဿာ ၆၅၀၀ ကျပ်ပေါက်စျေးဖြစ်ကာ အင်းလေးကန် ခရမ်း ချဉ်သီး အသီးရှားပါးခြင်းကြောင့် အမြင့်စျေး တန့်နေရခြင်း ဖြစ်ကြောင်း ဆိုသည်။
“ အခုက အသီးရှားလို့လဲ ဒီစျေးတန့်နေရတာပေါ့ ။ ၃၁ ပိဿာ တစ်တင်းကို တစ်သိန်းခွဲ ပတ်လည် လောက်ပေါ့။ ၃၁ ပိဿာဝယ်မှ အပယ်နဲ့ဆိုရင် ၂၆ ပိဿာ လောက်ကျန်တာကိုး ၊ နိုဝင်ဘာလ လဆန်းပိုင်းလောက်ထဲက တက်စျေးဟာလ တစ်ဝက်လောက်အထိတက်နေတာပေါ့။ ”ဟု မိုင်းသောက် ရှိ ခရမ်းချဉ်သီး စိုက်တောင်သူ တစ်ဦးကပြောသည်။
အင်းလေးဒေသတွင် မုန်တိုင်း ကြောင့် ခရမ်းချဉ်သီး စိုက်ကျွန်းမျောပျက်စီးကုန်ပြီး သုံးပုံတပုံခန့်သာကျန်ကြောင်းသိရသည်။
အင်းလေးကန်တွင်းရှိ ပျက်စီးသွားသော ခြံရှင်များသည် ကျွန်းမျောများကို ပြန်လည်ပြုပြင်ရန် မနည်း ကြိုးစားရဦးမည် ဖြစ်ကြောင်း တောင်သူ တစ်ဦးက ဆိုသည်။
“ အခုက ပြန်မစိုက်နိုင်တော့ဘူး။ ၂ လ ပိုင်း လောက်မှ ပြန်စိုက်နိုင်တော့မယ်။ အရင်းကိုပဲ မနည်းပြန်ရှာရတော့မယ်။ သဘာ၀ဘေး ဖြစ်သွားတော့ အကုန်ပျက်စီးသွားတာပေါ့။ စားသုံးသူကလဲ မလိုက်နိုင်တော့ဘူးလေ ဝင်ငွေ နဲ့ ထွက်ငွေ မမျှတော့ဘူးလေ။ အခုအရောင်း က ခပ်ဖြေးဖြေးပဲ ၊ ရန်ကုန် ၁ စီး၊ မန္တလေး ၃ စီးလောက်ပဲ ။ ခရမ်းချဉ်သီးက နားရက်မရှိဘူး။ နေ့စဉ် အလုပ်ရှိတယ်။ ” ဟု မိုင်းသောက် ရှိ ခရမ်းချဉ်သီး စိုက်တောင်သူကဆက်ပြော သည်။
တစ်ပတ်အတွင်း အောင်ပန်းဈေးကွက်တွင် ဈေးတက်နေသော အသီးနှံများသည် ခရမ်းချဉ်သီး ၊ ကြက်သွန်နီ၊ အာလူးတို့ဖြစ်ကြောက်းသိရသည်။
အင်းလေးဒေသထွက် ခရမ်းချဉ်သီး စျေးနှုန်းသည် ယခုနှစ် ၂၀၂၄ ခုနှစ် ဧပြီလနောက်ပိုင်း စိုက်တောင်သူ နည်းပါးသဖြင့် မေလတွင် အင်းလေး ခရမ်းချဉ်သီး စျေးနှုန်း တစ်တင်းလျှင် (၆၅၀၀၀) ကျပ် မှ စတင်တက်လာကာ ၊ ဇွန်လတွင် စိုက်ခင်းများ ပျက်စီးသဖြင့် တစ်တင်း (၈၀၀၀၀) ကျပ် အထိ စံချိန်တင် ပေါက်စျေး ရရှိခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၁) ရက်ညောင်ရွှေမြို့နယ် တွင် ဆိုးရွားစွာ ရေကြီးခြင်းကြောင့် မြို့ပေါ် နှင့်အင်းလေးကန် တို့တွင် နေအိမ် နှင့် စိုက်ခင်းများစွာတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ခရမ်းချဉ်သီး စျေးနှုန်း တဖန် စံချိန်တင် မြင့်တက်လာရခြင်း ဖြစ်ကြောင်းသိရသည်။
#PPV-006
#စျေးနှုန်း
#ခရမ်းချဉ်သီး
#စိုက်ပျိုးရေး
#အင်းလေး
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။