ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၃၊ ၂၀၂၄
နောင်ချို နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀ ဦးသေဆုံးပြီး ၂၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက် နောင်ချိုနှင့် မိုးကုတ်မြို့နယ်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ် (၂း၄၃)နာရီအချိန်၌ စစ်ကောင်စီတပ်မှ နောင်ချိုမြို့မစျေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၁ သေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄ လုံးအပါအဝင် ခရီးသည်တင်ကားများလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရသည်။
အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင်လည်း မိုးကုတ်မြို့တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး (၅) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ဦး သေဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထိုအပြင် စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာမှ ဆမ္မဆယ်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ရွာဘုန်ကြီးကျောင်းတွင်း ကျရောက်ပေါက်ကွဲပြီး အဆောက်အဦး ထိမှန်ပျက်စီးခဲ့ကြောင်း TNLA ကဆိုသည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA ကအသိပေးထုတ်ပြန်ထားပါသည်။
PPV 003
ဓာတ်ပုံ-TNLA
#လူ့အခွင့်အရေး
#နောင်ချို
#မိုးကုတ်မြို့နယ်
#လေကြောင်းတိုက်ခိုက်မှုကြောင့်
#TNLA
#လန်းဆန်းလက်ဖက်ရည်ဆိုင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။