ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၁၊ ၂၀၂၄
ကျောက်တန်းရွာအဝင် PNO ပြည်သူ့စစ် စစ်ဆေးရေးဂိတ်တွင် အရက်ကြောင်နေသည့် ပြည်သူတစ်ဦးကို ပြည်သူ့စစ်များရိုက်နက်ခဲ့ရာနှစ်ရက်အကြာ အရိုက်ခံရသူသေဆုံး ခဲ့ရကြောင်းဒေသခံထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ကျောက်တန်းရွာအဝင် PNO ပြည်သူ့စစ် စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာ ၉ ရက်ည ၁၀ ကျော်ဝန်းကျင်က လက်ထဲဓါးမြောင်အသေးကိုင်ဆောင်ထားပြီး အရက်ကြောင်နေသည့် အရပ်သားပြည်သူတစ်ဦး ထိုဂိတ်တွင် သွားရှုပ်မိရာမှ စစ်သားများဝိုင်းရိုက်၍ သေဆုံးခဲ့ရခြင်းဖြစ်သည်။
‘’အရိုက်ခံရသူကို ဓါတ်မှန်ရိုက်ကြည့်တော့ ဦးနှောက်ပွင့်ထွက်သွားတယ်၊ မျက်လုံးနှစ်ဘက် သွေးခဲပြီးတော့ ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင်မှာ သေဆုံးသွားပြီ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြော သည်။
ထိုအရိုက်ခံရသည့်သူသည် အသက် ၃၀ ဝန်းကျင်အရက်ကြောင်မူးနေသူ အမျိုးသားဖြစ်ပြီး၊ ထိုသူ ဂိတ်တွင်သွားရှုပ်ချိန် ပြည်သူ့စစ်က သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဂိတ်တွင် သေနတ်သံကြား၍ မိသားစုများက ဂိတ်သို့သွားပြီး ခြေလွန် လက်လွန်မဆုံးမဖို့ တောင်းပန်ခဲ့သော်လည်း မိသားစုမရောက်လာခင်ကတည်းက ကြိုးတုတ်ပြီး ရိုက်နက်ခံနေသည်ကို ဒေသခံတချို့ မြင်တွေ့ခဲ့ရကြောင်းသိရသည်။
ထိုအရိုက်ခံရသည့် အရပ်သားကို ပြည်သူ့စစ်က မိသားစုထံ ချက်ချင်းပြန်မအပ်ပဲ အရပ်ဒေသအခေါ် စစ်သားရုံး၌ တမံတလင်းပေါ် မိုးလင်းပေါက် ကြိုးတုတ်ချည်နှောင်ထားပြီး ဆေးကုသခွင့်မပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
‘’ဦးခေါင်းနဲ့ မျက်နှာမှာ အချက်ပေါင်းများစွာ ရိုက်နက်ခံရလို့ မျက်နှာတခြမ်းပိန့်၊ မျက်လုံးဖွင့်မရဖောင်းပြီးရောင် ကိုင်းနေတာ၊ အောက်နှုတ်ခမ်းလည်း ပြဲ၊ ပါးစပ်ရောင်၊ လူရုပ်မပေါ်တော့ဘူး၊ မနေ့ကတည်းက သေမလိုဖြစ်နေပြီ” ဟုဒေသခံတစ်ဦးကပြော သည်။
အရိုက်ခံရပြီး သေဆုံးသွားသည့် အရပ်သားသည် ပြည်သူ့စစ်သင်တန်းတက်ရောက်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် သူကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် သင်္ဂြိလ်မည်ဟုဖြစ်ပြီး၊ မိသားစုများက အမှုဖွင့်သွားမည်ဖြစ်ကြောင်းဒေသခံများထံသိရသည်။
#ppv002
#Humanright
#ကျောက်တန်း
#ဟိုပုံး
#ပြည်သူ့စစ်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။