ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၁၊ ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ နေရာတချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြန်လည်ရရှိသော်လည်း လေကြောင်းတိုက်ခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း နိုဝင်ဘာ (၁၁) ရက်နေ့တွင် ဒေသခံထံက သိရသည်။

MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု စတင်ပြီး နောက်ပိုင်း ဒေသခံပြည်သူများ အနေဖြင့် StartLink(ဂြိုလ်တု အင်တာနက်လိုင်း)ကိုသာ အသုံးပြုခဲ့ရပြီး နိုဝင်ဘာ(၁၀)ရက်တွင် MPT၊ Mytel နှင့် ATOM ဖုန်းလည်း အင်တာနက်လိုင်းကို နေရာအချို့တွင် ပြန်လည် အသုံးပြု၍ ရနေပြီ ဖြစ်ကြောင်း သိရသည်။

” ဟုတ်တယ် အချို့နေရာတော့ ပြန်သုံးလို့ရနေပြီ။ တစ်ဖက်မှာက အဆင်ပြေပေမဲ့ အရင် လိုင်း ရတုန်းကလည်း စကစသတင်းပေးရှိလို့ လေကြောင်း တိုက်ခိုက်တာဆိုပြီး ပြောကြတော့ အခုအဲ့တာတော့ စိုးရိမ်တယ်။ အချိန်တိုင်း လေယာဉ်သံကို နားစွင့်နေရတုန်း” ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် MNDAA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပေါင်း (၅၀)ကျော်ရှိပြီး ‌လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအများစုသည် ယခုချိန်ထိ နေရပ်မပြန်ရဲသေးပဲ စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လားရှိုးမြို့
#လေကြောင်းတိုက်ခိုက်မှု
#StartLink
#ဂြိုလ်တု အင်တာနက်လိုင်း
#MPT
#Mytel
#ATOM
#ဖုန်းလိုင်း
#အင်တာနက်လိုင်း