ခမ်းသားငေါဝ်း

နိုဝင်ဘာ ၁၀၊ ၂၀၂၄

ယခုနှစ်စစ်ကောင်စီ ကျင်းပသည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပွဲကျင်းပရာ အဝေရာကွင်းအတွင်းသို့ နေ့ခင်းဘက်လည်း လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များဝင်ခွင့်မပြုကြောင်း ဒေသခံထံကသိရသည်။

တောင်ကြီးတန်ဆောင်တိုပွဲ အဝင်လမ်း၊ အထွက်လမ်းဖြစ်သည့် စူဌာမုနိဘုရားဘက်လမ်းနှင့် အနောက်မြို့ပတ်ကွင်းအဝင်လမ်းများအား လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ ဝင်ရောက်ခြင်းမပြုရန် နိုဝင်ဘာ ၈ ရက်နေ့တွင် ဆိုင်းပုဒ်ထောင်ပြီး ပိတ်ပင်ထားသည်။

“မနေ့ရှေ့တနေ့ကအဲ့နေရာနားကဖြတ်သွားတုန်း မေးကြည့်တာ နေ့ဘက်လည်းမရဘူးလို့ပြောတယ် အာ့တော့မကြည့်ရုံပေါ့ ကားသူခိုး၊ ဆိုင်ကယ်သူခိုးကပေါကပေါနဲ့ ညတော့မထွက်ရဲဘူး နေ့မီးလုံးလေးမြင်ရမလားလို့လေ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီကျင်းပသည့် ယခုနှစ်တောင်ကြီး တန်ဆောင်တိုင်ပွဲကို နိုဝင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပရန်စီစဉ်ထားပြီး လက်ရှိမိုးလေဝသအခြေအနေကြောင့် လာမည့် နိုဝင်ဘာ ၁၁ မှ ၁၇ ရက်နေ့အထိ ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်နေ့တွင် ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ထားသည်။

ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ညမီးကြီး မီးပုံးပျံ ယမ်မီး ၂၆ လုံး၊ စိန်နပန်ညအလှမီးပုံးပျံ ၂၄ လုံး၊ နေ့လွတ်ခြေနှစ်ချောင်းအလှမီးပုံးပျံ ၁၄၇ လုံး၊ နေ့လွတ်ခြေလေးချောင်းအလှမီးပုံးပျံ ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး စုစုပေါင်း ၂၅၈ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

PPV001
#လူ့အခွင့်အရေး
#လိုင်စင်မဲ့ကား
#ဆိုင်ကယ်
#တောင်ကြီးတန်ဆောင်တိုင်
#မီးပုံးပျံ
#ညမီးကြီး