ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၁၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် တရုတ်မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို တရုတ်မှ ယနေ့ နိုဝင်ဘာ (၁၁)ရက် နံနက်ပိုင်းတွင် စတင်ပိတ်လိုက်သဖြင့် ကုန်သည်များအခက်ကြုံနေရကြောင်း ဒေသခံထံကသိရသည်။
ယခုပိတ်လိုက်သော ဆင်ဖြူဂိတ်သည် ယခင်က နားလည်မှုဖြင့် ခရီးသည်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီးနှင့် တွန်းလှည်းတို့ဖြင့် တရုတ်မြန်မာ ကုန်များ တင်သွင်း၊တင်ပို့နေခဲ့ရာမှ ယနေ့တွင် ဘာပစ္စည်းမျှ တင်ပို့၊ တင်သွင်းမရအောင် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။
ဆင်ဖြူဂိတ်ကို ကုန်ကားများ ဖြတ်သန်းခွင့်ပိတ်သည့်အပြင် လူအဝင် အထွက်ကိုလည်း တင်းကြပ်စစ်ဆေးမှု လုပ်နေကြောင်း သိရသည်။
“ကုန်သည်တွေကတော့ စိတ်ပျက်လက်ပြတ်ဖြစ်ကုန်တာပေါ့။ သူတို့ပဲမဟုတ်ဘူး လူငယ်များလည်း အလုပ်လက်မဲ့ဖြစ်နိုင်တဲ့ အခြေအနေပါ။ လားရှိုးမြို့နေမရလို့ ဒီဘက်ပြောင်းပြီး စီးပွားရေး လုပ်မယ် ခါမှ ဒီလိုဖြစ်သွားတော့ အဖက်ဖက်က အရှုံးတွေပဲ ရှိတော့တယ်” ဟု မူဆယ်မြို့ နေထိုင်သူ တစ်ဦးက ပြောသည်။
မူဆယ်တွင် တခြားဂိတ်ဖြစ်သည့် မန်ဝိန်းဂိတ်မှာလည်း စစ်တပ်က တင်းကြပ်ထားတာကြောင့် ကုန်စည်အဝင်အထွက် နည်းပါးမှုဖြစ်ကာ ကုန်ဈေးနှုန်း မြင့်တက်လာသည့်အပြင် အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုး၊ ကျင်စန်းကျော့နှင့် နမ့်ခမ်းဂိတ်တွင်ကို မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သိမ်းပိုက်ထားပြီး တရုတ်မြန်မာ နယ်စပ်ဂိတ်ကို ပိတ်ပင်ခြင်းသည် တိုက်ပွဲများရပ်ရန် ဖိအားပေးမှုတစ်ခုဖြစ်နိုင်ကြောင်း သိရသည်။
PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မူဆယ်
#တရုတ်မြန်မာနယ်စပ်
#ဆင်ဖြူဂိတ်ကို
#ကုန်သည်များအခက်ကြုံနေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။