ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၀၊ ၂၀၂၄

တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလ အတွင်း သူခိုးများလာပြီးဆိုင်ကယ်များ ပျောက်ဆုံးမှု ပိုများလာကြောင်း မြို့ခံများထံမှ စုံစမ်းသိရသည်။

တောင်ကြီးမြို့မစျေး ၊ ကုန်သည်လမ်းတွင် စျေးနေ့ စျေးဝယ်ရင်း မော်တော်ဆိုင်ကယ် ခေတ္တရပ်နားထားစဉ် ခိုးယူခံရခြင်း ရှိကြောင်း ၊ ထိုလမ်းပေါ် တစ်လျှောက်တွင် ဆိုင်ကယ် သုံးစီးထက် မနည်း နေ့စဉ် ပျောက်ဆုံးမှု ကြုံတွေ့နေရကြောင်း ပျံကျစျေးသည် တစ်ဦးက ရှင်းပြသည်။

“ အခု ပွဲတော်ကာလ အတွင်း ဆိုတော့ လူစုံတယ်။ ပွဲတွင်းမှာ လုပ်စားတဲ့ ခါးပိုက်နှိုက်တွေ သူခိုးတွေ များလာတယ်။ အရင်တစ်စျေး၊ စျေးနေ့တုန်းကလည်း ဆိုင်ကယ် တစ်စီးခိုးခံရတယ်။ အမကြီး တစ်ယောက် ဒီနားလေး ခန ရပ်ပြီး စျေးဝယ်လိုက်တာ ပြန်လာတော့ မရှိတော့ဘူး။ ဟိုဘက်ခြမ်းမှာလည်း ဆိုင်ကယ်တွေ ပျောက်တယ်။ အရမ်းမြန်တယ်။ စျေးဝယ်ရင် ခါးပိုက်နှိုက်တွေကိုလည်း သတိထားရဦးမယ်။ ဖုန်းတွေ ပိုက်ဆံအိတ် တွေကို အိတ်ခွဲပြီးတော့ နှိုက်ယူတတ်ကြတယ်။ လူရှုပ်တဲ့ အချိန်တွေမှာ ဝင်နှိုက် ဝင်ခိုးတတ်ကြတယ်။ ” ဟု စျေးသည် တစ်ဦးက ပြောပြသည်။

နိုဝင်ဘာလ(၈) ရက် ညနေပိုင်း (၆) နာရီခန့် အချိန်တွင် တောင်ကြီး အိုးရှင်း ရှေ့နားတွင် ရပ်ထားသော Click SHN /9438 ဆိုင်ကယ် ဇက်ချိုးပြီး ခိုးယူသွားကြောင်း၊ ရပ်နားချိန် ၁၀ မိနစ် အတွင်းမှာ ခိုးယူသွားကြောင်းသိရ သည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ (၁၁) ရက်မှ (၁၇) ရက် အထိ ခုနှစ်ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာ မီးပုံးပျံ ပညာရှင် အသင်းက ထုတ်ပြန်ကြော်ငြာထားသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို မူလ က နိုဝင်ဘာလ(၉) ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း နိုဝင်ဘာလ(၁၁) ရက်သို့ ပွဲရက်ရွေ့လိုက်သဖြင့် လာရောက်လည်ပတ်သူများအ ခက်တွေ့ နေကြောင်း ကြားသိရသည်။

#PPV-006
#Taunggyi
#သူခိုး
#တန်ဆောင်တိုင်ကာလ
#ပွဲတော်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။