ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၉၊ ၂၀၂၄
ရေကြီးနှစ်မြှုပ်မှုကြုံခဲ့ရသည့် ကလောမြို့တွင် ရေကျပြီးနောက် ပြန်လည် ထူထောင်ရေး ကာလ၌ သူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်းကလောမြို့တွင်ရေကြီးရေလျှံမှုဖြစ်ကာ ရေကျပြီးနောက် ပြန်လည်ထူ ထောင်ရေးကာလ လုပ်ငန်းများ ပြန်လည် စတင်ချိန် သူခိုးများ ယခင်ထက် ပိုမို သောင်းကျန်းလာကြောင်း သိရသည်။
“ကလောမြို့၊ ရပ်ကွက်(၈) နဲ့ အိုးစည်တောင် တက်လမ်းတွေမှာ လုယက်မှုတွေ ကြုံတွေ့လာရတယ်”ဟ ဒေသခံတစ်ဦးက ပြောသည်။
ကလောမြို့တွင် အလစ်သုတ်သမားများ၊ ဆိုင်ကယ် သူခိုးများ များပြားလာပြီး လူပြတ်သော လမ်းများ တောင်တက်လမ်းများတွင် အုပ်စုဖွဲ့ လုယက်မှု များလည်း ကြုံလာရကြောင်း သိရသည်။
ကလောမြို့တွင် လုပ်ငန်းများ ပြန်လည် စတင် လုပ်ကိုင်ချိန် မြေကွက်များ အရောင်းအဝယ် ပြန်လည် ကောင်းမွန် လာနေကြောင်း သိရသည်။
ထို့ပြင် ကလောမြို့ (၁၉) ကြိမ်မြောက် ရိုးရာမီးရှော် တိုင် နှင့် မီးကြာဇံ ထွန်းညှိပူဇော်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက် အထိ ကျင်းပမည် ဖြစ်သော ကြောင့် ဟိုတယ် နှင့် တည်းခိုခန်း လုပ်ငန်းများ ပြန်လည် ကောင်းမွန်လာနေကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက် နေ့လည် (၁) နာရီ အချိန် ကလောမြို့ ၊ အိုးစည်တောင် တက်လမ်းတွင်ဓါးဖြင့် ထောက်၍ ဆိုင်ကယ် ဓါးမြတိုက်ခံရပြီး ၊ လူငယ်လေးယောက် တို့ပိုင်ဆိုင်သော ဆိုင်ကယ် ၂ စီး၊ ဖုန်းလေးလုံး၊ ပိုက်ဆံများလည်း ပါသွားကြောင်း ကြားသိရသည်။
ထို့ပြင်အောက်တိုဘာ၂၄ ရက်နေ့တွင် အောင်ပန်းမြို့၊လက်မပင်ရပ်ကွက်နေ မနီလာထွေးနှင့်သား နှစ်ယောက်တို့အား ကလောမြို့အပြန် တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုရုံးဘေး မယ်ခိုတောင်အတက်လမ်းအရိပ်ရအပင်တွင်ခေတ္တနားနေစဉ် လူနှစ်ဦး လာပြီး လုယှက်ရိုက်နှက်ကာ ဒဏ်ရာ ပြင်းထန်သဖြင့် မိခင်ဖြစ်သူ ဆုံးပါးခဲ့သော ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့များတွင် ပစ္စည်းအလစ်သုတ်သမားများ၊ ဖုန်းခိုးခြင်း၊ မော်တော်ကား ခိုးယူ မောင်းသွားခြင်း၊ မော်တော်ဆိုင်ကယ် ခိုးခံရခြင်း ၊ ပစ္စည်း ခိုးခံရခြင်းများ မကြာခဏ ဆိုသလို ကြုံတွေ့လာရပြီး ခိုးမှု ၊ လုယက်မှု ပိုမို များပြားလာနေကြောင်း သိရသည်။
#ppv006
#ခိုးဆိုးလုယက်
#ကလော
#မှုခင်း
#ရှမ်းတောင်
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။