ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၉၊ ၂၀၂၄
ပင်လောင်းမြို့နယ် နောင်ပီရွာရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် စစ်ဆေးရေးဂိတ်သည် ဒေသခံများအား စားနပ်ရိက္ခာများသယ်ယူခွင့်မပြုကြောင်း အောက်တိုဘာလ(၂၉)ရက်နေ့တွင် ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာရှိ စစ်ကောင်စီနှင့် PNOပြည်သူ့စစ် စစ်ဆေးရေးဂိတ်သည် ဒေသခံပြည်သူများအား စားနပ်ရိက္ခာသယ်ဆောင်ခွင့်မပြုပဲ သယ်ဆောင်ပါက လူဖမ်း၊ ပစ္စည်းများသိမ်းယူမှုရှိနေသည်။
“စားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ဆီ၊ဆားစသဖြင့်ပေါ့ အဲ့လိုပစ္စည်းတွေဆိုရင်သူတို့ပေးမသယ်ဘူး သယ်ရင်ကားရောပစ္စည်းရောအကုန်သိမ်း တစ်ခါတစ်လေလူကိုလည်းဖမ်းတော့ ဒေသခံတွေကလည်း မသယ်ရဲကြဘူး စားနပ်ရိက္ခာပစ္စည်းတွေပါရင် အစစ်ဆေးလည်းကြမ်းတယ် တစ်ချို့ကျတော့ အသိမ်းမခံရဘူး ဒီတိုင်းပဲလာရာလမ်းအတိုင်း ပြန်လှည့်ပြန်ခိုင်းတာမျိုးလည်းရှိတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
နောင်ပီကနေဆင်းသွားပြီး တောင်ဘက်တစ်လျှောက် ဂျာမနီလမ်းပိုင်းဘက်တွင် တိုက်ပွဲကြောင့်စစ်ရှောင်လာကြသည့် ပြည်သူအများအပြားရှိနေသည့်အတွက် ယခုလိုစားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ထားခြင်းကြောင့် အခက်အခဲများဖြစ်နေရသည်ဟု သိရသည်။
“နောင်ပီဘက်ကနေတောင်ဘက်ကို ဆင်းသွားမယ်ဆိုရင်တော့ စစ်ဆေးရေးဂိတ်က နှစ်ခုရှိတယ် နောင်ပီမှာတစ်ခုနဲ့ တအိုမုတ်ရွာနားမှာတစ်ခု အဲ့ဂိတ်တွေကဆန်တွေဆိုရင်လုံးဝပဲပေးမသယ်ဘူး အကယ်လို့မဖြစ်မနေသယ်သွားရမယ်ဆိုရင်တော့ စစ်ကောင်စီဒါမှမဟုတ် PNOတွေဘက်က ထောက်ခံစာတွေယူရတယ် အဲ့တာပါရင်မှ သူတို့ပေးသယ်တယ်”ဟု ၎င်းကဆက်ပြောသည်။
ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများပြင်းထန်နေသည့်အတွက် ၎င်းစစ်ဆေးရေးဂိတ်လည်း စစ်ဆေးမှုတင်းကြပ်ထားသဖြင့် ပင်လောင်းတောင်ဘက်ရှိဒေသခံစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအခက်အခဲများဖြစ်စေပြီး အလှူရှင်များအတွက်လည်း သွားလာရေးအခက်အခဲဖြစ်စေကြောင်း သိရသည်။
#PPV007
ပုံ-Google
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#နောင်ပီရွာရှိ
#စစ်ဆေးရေးဂိတ်
#စားနပ်ရိက္ခာများသယ်ယူခွင့်မပြု
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။