ခမ်းသားငေါဝ်း

အောက်တိုဘာ ၂၉၊ ၂၀၂၄

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွါးနေသောကြောင့် ဒေသခံများက စစ်ဘေးတိမ်းရှောင်နေရပြီး ကန်တော်၊ နားမွန်း၊ ယာဆပ်ရွာရောက် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအရေးပေါလိုအပ်နေသည်ဟု အောက်တိုဘာလ(၂၉)ရက်နေ့တွင် ဒေသခံစစ်ဘေးရှောင်တစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက်၊ ရှမ်း-ကယားနယ်စပ်တွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် တော်လှန်‌ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ကန်တော်၊ နားမွန်း၊ ယာဆပ်ရွာရောက် စစ်ဘေးရှောင် (၁၂၅၀)ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေသည်။

“အခုလောလောဆယ် အဓိကလိုအပ်တာကတော့ စားနပ်ရိက္ခာပါပဲ ဆန်၊ဆီ၊ဆားတို့ကအစပေါ့ အခုရှိရင်အခုချက်ချင်းရချင်နေပြီ ဘာလို့လည်းဆိုတော့ စစ်ဘေးရှောင်တာတစ်လကျော်ပြီ ဘာမှလည်းမသယ်လာနိုင်ကြတော့ စားနပ်ရိက္ခာမလုံလောက်မှုကတော့ စကြုံနေရပြီ နောက်ထပ်နဲနဲထပ်ကြာရင် ငတ်ပြတ်မဲ့အနေထားရှိနိုင်တယ်”ဟုဒေသခံ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်များကဘုန်းကြီးကျောင်းဆောင်အောက်၊ ကျေးရွာခန်းမစသည့်နေရာများတွင် နေထိုင်နေကြရပြီး စစ်ဘေးရှောင်ပြည်သူများသည်, အများစုကလွယ်ဝွန်၊ ဗန်းမောက်၊ ကုန်းပေါ၊ ကောင်ကြိန်း စသည့်ဒေသခံများဖြစ်ကြောင်း သိရသည်။

“အခုကဒီဘက်ကရွာခံတွေဆီကနေပဲ အရင်ချေးပြီးတော့မှ စားဝတ်နေရေးအတွက်ဖြေရှင်းနေကြရတယ် ဆန်ပါလာတဲ့လူရှိရင်လည်း အကုန်လုံးမျှစားကြတာပေါ့၊ အလုပ်လည်းမရှိ ဒီချိန်ကနေ့စားခေါ်တဲ့လူလည်းမရှိ ပြီးတော့ ဒီဘက်ကလမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲရှိတော့ အလှူရှင်တွေလည်း ရောက်မလာကြဘူး”ဟု ၎င်းကဆက်ပြောသည်။

ပင်လောင်းတောင်ဘက် ရှမ်း-ကယားနယ်စပ်တွင်တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်အတွက် ဒေသခံများကနေရပ်ပြန်နိုင်ခြင်းမရှိသေးသောကြောင့် စားဝတ်နေရေးအတွက် အလှူရှင်များလိုအပ်လျက်ရှိကြောင်း သိရသည်။

#PPV007
ဓာတ်ပုံ-CJ
#လူ့အခွင့်အရေး
#ပင်လောင်းတောင်ဘက်
#တိုက်ပွဲဖြစ်ပွါးနေ
#ကန်တော်
#နားမွန်း
#ယာဆပ်ရွာရောက်
#စစ်ဘေးရှောင်
#စားနပ်ရိက္ခာအရေးပေါလိုအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။