ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၄၊ ၂၀၂၄

အာဏာသိမ်းမှုအလွန် သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်က အရပ်သားများအပေါ် ကျူးလွန်ခဲ့သော (လူ ၁၀ ဦးနှင့်အထက်) အစုအပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် (၆၅) ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား (၁,၃၀၇) ဦးထက်မနည်း သေဆုံးခဲ့ကြရကြောင်း Institute for Strategy and Policy – Myanmar( ISP) က ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်များသည် စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် (၂၀၂၁) ‌ဖေဖော်ဝါရီ (၁) ရက်နေ့မှ (၂၀၂၄) အောက်တိုဘာ (၂၀) ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှုများထဲက(၉၂) ရာခိုင်နှုန်းကို စစ်ကောင်စီတပ်များနှင့် ပျူစောထီးအပါအဝင် စစ်ကောင်စီ သစ္စာခံတပ်များက ကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်းနှင့် ဖြစ်စဉ်အားဖြင့် (၆၀)ခုထက် မနည်းရှိခဲ့ပြီး အရပ်သား (၁,၂၁၀) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်များနှင့် ပျူစောထီး အပါအဝင် စစ်ကောင်စီ သစ္စာခံတပ်များက ကျူးလွန်ခဲ့ကြသည့် အစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်အားလုံးထဲတွင် အများစုဖြစ်သည့် (၅၂) ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး (၂၀၂၄) ခုနှစ် အောက်တိုဘာ (၁၂) ရက်မှ (၁၇) ရက်အတွင်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲရှိ ကျေးရွာများကို စစ်ကောင်စီ၏ တပ်မ-၃၃ လက်အောက်ခံတပ်များ စစ်ကြောင်းထိုးဝင်ချိန်တွင်လည်း အရပ်သား (၂၀) ဦးထက်မနည်း အသတ်ခံခဲ့ရကြောင်း ဖော်ပြထားသည်။

စီပါ‌ကျေးရွာအရပ်သား (၆)ဦးအပါဝင် ရက်စက်ကြမ်းကြုတ်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း (၂၃) ခုထက်မနည်းကို စစ်ကောင်စီတပ်များက ကျူးလွန်ထားပြီး ၎င်းဖြစ်စဉ်များတွင် အရပ်သား (၄၃၈) ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ISP Myanmar က ဖော်ပြထားသည်။

စစ်ကောင်စီတပ်မဟုတ်သည့် အခြားလက်နက်ကိုင် တပ်များက ကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလည်း ရှိပြီး ထိုထဲတွင် အဆိုးဆုံးတစ်ခုသည် (၂၀၂၃) ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်းက ဖြစ်ခဲ့သည့် တမူးမြို့နယ်အတွင်းက သနန်ရွာဖြစ်စဉ်ဖြစ်ကြောင်း၊ သနန်ရွာ ဒေသခံ (၃၇) ဦးကို ကူကီးလက်နက်ကိုင်တပ်များက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကာ ယင်းသို့ စစ်ကောင်စီတပ်မဟုတ်သည့် အခြား လက်နက်ကိုင် တပ်များ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း (၅) ခုထက် မနည်းရှိခဲ့ပြီး အရပ်သား (၉၇) ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

PPV0011
#လူ့အခွင့်အရေး
#အာဏာသိမ်းမှုအလွန်
#သုံးနှစ်ကျော်အတွင်း
#အရပ်သားများအပေါ် ကျူးလွန်
#အစုအပြုံလိုက်သတ်ဖြတ်ခံရ
#Institute for Strategy and Policy – Myanmar
#ISP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *