ခမ်းသားငေါဝ်း

အောက်တိုဘာ ၂၄၊ ၂၀၂၄

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဖမ်းဆီးထားသည့် သတင်းထောက် ကိုနောင်ရိုးနှင့် ကိုတာလင်းမောင်တို့ကို အမြန်ဆုံး ပြန်လွတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းစာ အစည်းအရုံး (IMJA) က အောက်တိုဘာ (၂၃)ရက်တွင် (KIA) ခေါင်းဆောင်များကို တောင်းဆိုထားသည်။

IMJA သည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း သတင်းထောက်များ၏ အရေးပါသော အခန်းကဏ္ဌကို အသိအမှတ်ပြုပြီး သတင်းမီဒီယာများကို အကာအကွယ်ပေးနေသည့် နိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာပြီး အမြန်ဆုံးလွတ်ပေးရန် KIA ကို လေးစားစွာ တိုက်တွန်းထားသည်။

ဂျီနီဗာ သဘောတူညီချက်များနှင့် လုပ်ထုံးလုပ်နည်းများအရ နိုင်ငံတကာ လူသားခြင်းစာနာ‌ထောက်ထားမှု ဥပဒေအောက် ပဠိပက္ခဇုန်များတွင် လုပ်ဆောင်နေသော သတင်းထောက်များကို အရပ်သားများအဖြစ် သတ်မှတ်ခံရမည် ဖြစ်ပြီး ၎င်းတို့၏ လုံခြုံရေးသည် အရေးကြီးဆုံး ဖြစ်ကြောင်း၊ မတရားဖမ်းဆီးခြင်း သို့မဟုတ် ထိခိုက်မှုမှ ကင်းဝင်းစေရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းသမားများကို ဖမ်းဆီးခြင်းသည် ထိုဥပဒေပါအကာအကွယ် များကို ချိုးဖောက်ရုံသာမက အများပြည်သူ သိပိုင်ခွင့်ရှိသည့် အရေးကြီးသော အချက်အလက်များကို ဖိနှိပ် ချုပ်ချယ်သည်ဟု လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံးက ယူဆကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးထားသော သတင်းသမား (၂)ဦးကို ချက်ချင်းပြန်လွတ်ပေးရန်နှင့် နောက်ထပ် အဟန့်အတားမပြုပဲ သတင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ပြုပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပိုမိုကောင်းမွန်သော နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးပွားလာစေရန် မီဒီယာအတိုင်းအဝန်းနှင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်ရန် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)ကို (IMJA) ကဖိတ်ခေါ်ထားသည်။

ဖားကန့်မြို့နယ် အခြေစိုက် သတင်းထောက်ဖြစ်သော ကိုတာလင်းမောင်ကို (KIA) ဖားကန့်တိုက်နယ် တပ်ဖွဲ့ဝင်က စက်တင်ဘာ(၂၉)ရက်မှာ ဖမ်းဆီးခဲ့ပြီး၊ အလွတ်သတင်းထောက် ကိုနောင်ရိုးကို စက်တင်ဘာလ (၃၀)ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-Crd

#လူ့အခွင့်အရေး
#ကချင်လွတ်မြောက်ရေးတပ်မတော်
#KIA
#သတင်းထောက်ကိုနောင်ရိုး
#ကိုတာလင်းမောင်
#လွတ်လပ်သောမြန်မာသတင်းစာအစည်းအရုံး
#IMJA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *