ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၅၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နောင်ပိန် ကျေးရွာတွင် ခိုလှုံနေသော စစ်ဘေးရှောင် ဦးရေ ငါးရာကျော် ကျန်သေးပြီး၊ စားနပ်ရိက္ခာ ရှားပါးခက်ခဲလာနေကြောင်း တာဝန်ခံထံမှ ကြားသိရသည်။
လက်ရှိ အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း သို့ ကုန်စည် သယ်ယူပို့ဆောင်ရေး ပိတ်ပင်ထားပြီး ဆန်အိတ် များ သယ်ဆောင်၍ မရသဖြင့် နောင်ပိန်ကျေးရွာတွင် ဒေသဆန် ၂၄ ပြည် ဆန်တစ်အိတ် ၁၄၅၀၀၀ ကျပ် ပေါက် စျေး ရှိနေကြောင်း သိရသည်။
“နောင်ပိန်ကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေ အတွက် ဆန် (၃) အိတ် ကို ငွေကျပ် (၄၂၀၀၀၀) ကျပ် အထိ ပေးရပြီး ကုန်စျေးနှုန်း မြင့်တက်လာနေလို့ အခက်အခဲရျိတယ်” ဟုကူညီသူကပြောသည်။
နောင်ပိန် ကျေးရွာတွင် စစ်ဘေးရှောင်များ ခိုလှုံနေကြသည်မှာ လေးလ နီးပါး ကြာမြင့်နေပြီ ဖြစ်ကာ စားနပ်ရိက္ခာ များ လိုအပ်ချက် ရှိကြောင်း သိရသည်။
နောင်ပိန်ရှိ ကမ်းလင့်လက်များ လူမှုကူညီရေး အသင်းရုံးတွင် စစ်ဘေးရှောင် ၁၃၀ ဦး ကျော်၊ ဓမ္မာရုံ တွင် ၂၅၀ ကျော်နှင့် ဟိန္နူကျောင်းတွင် တစ်ရာ ကျော် စုစုပေါင်း ၅၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းကို မည်သည့် အဖွဲ့အစည်းမှ စားနပ်ရိက္ခာသယ်ဆောင်၍ မရတော့ဘဲ ဖြတ် လေးဖြတ် လုပ်ဆောင်ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းသို့ သွားရာလမ်းကြောင်း အားလုံးကို ပိတ်ပင်ထားပြီး၊ ကုန်စည်ကူးသန်းရောင်း ဝယ်ရေး ခက်ခဲသဖြင့် စားနပ်ရိက္ခာ ရှားပါးကြောင်း၊ ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း သိရသည်။
ထို့အပြင် ဆန်၊ ဆီ၊ ဆား ၊ ဆေးဝါးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ တားမြစ်ကုန်ပစ္စည်းများကို သယ်ဆောင်ခွင့် မပြုတော့ဘဲ လမ်းကြောင်း အားလုံးကို ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ – ကမ်းလင့်လက်များ လူမှုကူညီရေး အသင်း
#ppv006
#စစ်ရှောင်
#နောင်ပိန်
#ရှမ်းမြောက်
#လူသားချင်းစာနာထောက်ထားမှု
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။