ခမ်းသားငေါဝ်း

အောက်တိုဘာ ၂၄၊ ၂၀၂၄

ပင်‌လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး နန်းတောင်းရွာနှင့် သစ်ပင်ကောက်ရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ဒေသခံများကို ရွာပြင်ထွက်ခွင့် လုံးဝပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဒေသခံပြောပြချက်အရ အောက်တိုဘာလ(၂၄)ရက်နေ့တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ် အစပ်တွင်ရှိသည့် သစ်ပင်ကောက်ရွာနှင့် နန်းတောင်းရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ရွာပြင်ထွက်ခွင့် လုံးဝပိတ်ထားပြီး ရွာပြင်ထွက်တာ တွေ့ရှိပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။

“တိုက်ပွဲကရွာတောင်ဘက် မိုးဦး၊ နမ့်ဖာမူဘက်မှာပဲဖြစ်တာဆိုတော့လေ ဒီဘက်မှာက စစ်ကောင်စီရော PNOတွေရောနေရာလာချထားတယ် ရွာသူရွာသားတွေကိုလည်း ဘယ်မှပေးမသွားဘူး ရွာပြင်တောင်ထွက်လို့မရတော့ဘူး အင်းထဲလည်းဆင်းလို့မရဘူး လှေမြင်ရင်ပစ်မယ်ပြောတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုလိုဒေသခံများအား ရွာပြင်ပေးမထွက်တာ တပတ်လောက်ရှိပြီဖြစ်ပြီး ကျောင်းသူ/သားများ ပို့သည့်စက်လှေတစ်စင်းသာ အင်းထဲသို့အလံဖြူထောင်ကာ သွားလာခွင့်ရှိကြောင်း ၎င်းကပြောသည်။

“ဒီမှာကကျောင်းသားပို့တဲ့ စက်လှေတစ်စီးပဲသွားလို့ရတယ်၊ ဘုရားတောင်ကဦးဇင်းပြောပေးထားလို့ရတာ၊ စက်လှေမှာတော့ အလံဖြူထောင်ထားရတာပေါ့၊ ပြီးတော့ တစ်ခြားမြောက်ဘက်ကရွာတွေဆိုလည်း ထွက်လို့ရတယ် ဒီမှာပဲမရတာ”ဟု ၎င်းကဆက်ပြောသည်။

ဒေသခံများအား ရွာပြင်ထွက်ခွင့်လုံးဝပိတ်ပင်လိုက်သည့်အတွက် တစ်နေ့လုပ်တစ်နေ့စားသမားများနှင့် တံငါသည်သမားများက စားဝတ်နေရေးအတွက် အခက်အခဲဖြစ်စေကြောင်း ဒေသခံများကပြောဆိုကြသည်။

#PPV007
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်တောင်ဘက်
#ရှမ်းကယားနယ်စပ်
#စစ်ကောင်စီ
#PNOပြည်သူ့စစ်
#တော်လှန်ရေးတပ်ပေါင်းစုများ
#လေကြောင်း
#လက်နက်ကြီးများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *