ခမ်းသားငေါဝ်း

အောက်တိုဘာ ၂၃၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် စေခိုင်းခြင်းတို့သည် စစ်ကောင်စီ၏ စစ်ရေးနည်းဗျူဟာအရ ကျူးလွန်ခြင်း ဖြစ်ကြောင်း ထိုလုပ်ရပ်အပေါ် တရားမျှတမှုဖော်ဆောင်ပေးရန် နိုင်ငံတကာကို (NUG) က အောက်တိုဘာ(၂၂)ရက်တွင် ထုတ်ပြန်တောင်းဆိုထားသည်။

ထိုသတ်ဖြတ်ခံရသူများတွင် ကလေးငယ် (၃) ဦး၊ အမျိုးသမီး (၃) ဦးနှင့် သက်ကြီးရွယ်အို (၁) ဦးတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

စက်တင်ဘာလ (၃၀) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာ အနီး တိုက်ပွဲတခုတွင် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ် ဌာနချုပ် လက်အောက်ခံ စစ်ကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီက အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ကြရသဖြင့် ၎င်းတို့ ယခင် ကျင့်သုံးလေ့ရှိသည့် နည်းဗျူဟာများအတိုင်း အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို ဝင်ရောက်စီးနင်း၍ အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများကို ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အောက်တိုဘာလ (၁၁) ရက်နေ့မှ (၂၀ ) ရက်နေ့အတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ အင်အား (၁၀၀) ကျော် ပါဝင်သည့် စစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက် (၁၇) ခုကို ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ အရပ်သားပြည်သူ (၂၄) ဦးထက်မနည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရ‌ကြောင်း‌ ဖော်ပြထားသည်။

စစ်ကောင်စီ၏ ထင်ရှားသည့် သတ်ဖြတ်မှု ဖြစ်စဉ်သည် အောက်တိုဘာလ (၁၇) ရက်နေ့က စီပါကျေးရွာတွင် အရပ်သားပြည်သူ (၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှုဖြစ်ပြီး၊ ခန္ဓာကိုယ်များကို အစိတ်စိတ်ပိုင်းဖြတ်လျက် အစိတ်အပိုင်းများကို နေအိမ်ခြံစည်းရုံးတွင် ချိတ်ဆွဲထားခဲ့ကြောင်း၊ ထိုရွာမှ အရပ်သားပြည်သူ (၆၀)ထက် မနည်းကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးလျက် စစ်ကြောင်း တ‌လျှောက် ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် ဆုံးရှုံးမှုများအတွက် လက်စားချေသည့် အနေဖြင့် အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လူမျိုးအသီးသီး၏ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအပေါ် လက်စားချေရန်အတွက် နှစ်ပေါင်းများစွာ အကြမ်းဖက် စစ်အုပ်စုက ကျင့်သုံးခဲ့သော နည်းဗျူဟာတရပ်ဖြစ်ပြီး ထိုအကြမ်းဖက် ကျူးလွန်မှုအတွက် နိုင်ငံတကာအသိုင်းအဝန်း အနေဖြင့် တရားမျှတမှုကို ဦးတည် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တောင်းဆိုထားသည်။

စစ်ကောင်စီအနေဖြင့် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူ (၆)ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်သားများ ကျူးလွန်ခြင်း မဟုတ်ကြောင်းကို အောက်တိုဘာ(၂၁)ရက်နေ့မှာ ငြင်းဆိုထား‌ကြောင်း သိရသည်။

PPV0011
#လူ့အခွင့်အရေး
#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့နယ်
#အရပ်သားပြည်သူများကိုသတ်ဖြတ်ခြင်း
#လူသားဒိုင်း
#စစ်ရေးနည်းဗျူဟာ
#NUG
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed