ခမ်းသားငေါဝ်း

အောက်တိုဘာ ၂၃၊ ၂၀၂၄

ဒီမောဆိုမြို့နယ် နှင့် ဖယ်ခုံအနောက်ဖက်ခြမ်းတွင် ဆေးဝါးများပြတ်လပ်နေသောကြောင့် ပြည်သူများအခက်အခဲ ဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီမောဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဖက်ခြမ်းတို့တွင် အောက်တိုဘာလမှ စတင်ပြီး ဆေးဝါးပြတ်လပ်မှု နှင့်ကြုံတွေ့နေရကာ ပြည်သူများအခက်အခဲ ဖြစ်နေသည်။

” ဆေးက ပြတ်သလောက်ဖြစ်နေပြီ၊ ရှာဝယ်ဖို့အရမ်းခက်သွားပြီ၊ ကျွန်တော့ အမေဆို သွေးတိုးရောဂါ ရှိတော့ သွေးကျဆေးဆိုအမြဲ သောက်နေရတယ်လေ၊ အခုဆို ဆေးလည်းဝယ်လို့မရတော့ ရောဂါကပိုဆိုးနေပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဆေးဝါးပြတ်လပ်မှုကြောင့် ရေရှည်ဆေးသောက်သုံးနေရသူ နှင့် အရေးပေါ်ကိစ္စများတွင်လည်း များစွာအခက်တွေ့စေကြောင်းသိရသည်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း ” ဆေးဆိုတာလည်းမရှိမဖြစ်လိုအပ်တဲ့အရာမှာပါတာပေါ့လေ၊ သက်ကြီးရွယ်အိုအများစုက ဆေးကိုရေရှည်သောက်နေရတဲ့သူတွေရှိတယ်၊ ပြီးတော့ ဒီမှာက တောထဲယာခင်းသွားတဲ့လူတွေများတော့ မြွေပေါက်တာတွေ စတဲ့အရေးပေါ်ကိစ္စတွေဖြစ်ရင် ဆေးမရှိတော့ မလိုအပ်ဘဲ ဆုံးရှုံးမှုတွေဖြစ်သွားနိုင်တယ်” ဟုဆိုသည်။

ကရင်နီပြည် တွင် ဆေးဝါးသယ်ယူပို့ဆောင်မှုကို ယခင်ကတည်း စစ်ကောင်စီဘက်မှ ပိတ်ဆို့ထားကြောင်းသိရသည်။

ထို့အပြင် ရေဘေးကြောင့် လမ်းများထပ်မံပျက်စီးသွားကာ ကုန်သွယ်ရေးအတွက် ပိုမိုခက်ခဲနေပြီး ကုန်စည်ပြတ်လပ်မှုများ နှင့်ကြုံတွေ့နေရကြောင်းသိရသည်။

PPV 003
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဒီမောဆိုမြို့နယ်
#ဖယ်ခုံအနောက်ဖက်ခြမ်း
#ဆေးဝါးများပြတ်လပ်နေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *