ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၅၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် ဓားပြတိုက်ခံရပြီး စွန့်ပစ်ခံထားရသော ဘင်္ဂလားဒေ့ရှိ နိင်ငံသား ၁၆ ဦးကို AA က ကယ်ဆယ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ ပြန်လည်လွဲပြောင်းပေးခဲ့ကြောင်း AA က အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီခန့်အချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ငါးရှာရန် ထွက်လာခဲ့သည့် ရေလုပ်သား ၁၆ ဦးပါမော်တော်ဘုတ်တစ်စင်းသည် အောက်တိုဘာလ (၄) ရက်နေ့၊ ညနေ (၆) နာရီခန့် အချိန်တွင် အမည်မသိလက်နက်ကိုင် ဘင်္ဂလီ (၆၀) ဦးခန့်ပါဝင်သော ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရသည်။

အဆိုပါ အမည်မသိလက်နက်ကိုင် ပင်လယ်ဓားပြအဖွဲ့သည် မော်တော်ဘုတ် (၃) စီးဖြင့် ဝိုင်းရံကာ လက်နက်များဖြင့် ပစ်ခတ် သတ်ဖြတ်ရန် ခြိမ်းခြောက်ထားခဲ့ပြီး ရေလုပ်သားငါးဖမ်းသမားများအား သေနတ်ဒင်၊ ဒုတ်များဖြင့် ရိုက်နှက်ပြီး ဘုတ်တွင်ပါလာသည့် ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်များအားလုံး ကို ယူဆောင်သွားသည့်အပြင် ရေလုပ်သားငါးဖမ်းသမား များအားလုံးကို မော်တော်ဘုတ်၏ ဝမ်းဗိုက်အတွင်း မည်သည့်အစားအစာ၊ ရေမျှ မတိုက်ကျွေးဘဲ နှစ်ရက်ခန့် ပိတ်လှောင်ထားခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၄) နာရီခန့်အချိန်ခန့်တွင် ပင်လယ်ဓားပြ များမှ အာရက္ခဒေသ၊ မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီး၌ ကမ်းတင်ရန်စီစဉ်ထားခဲ့စဉ် AA ကမ်းခြေစောင့်တပ်မှ တွေ့ရှိ၍ အဆိုပါ ကမ်းတင်ဘုတ်တွင်ပါလာသည့် ရေလုပ်သားငါးဖမ်းသမား (၁၆) ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းဆိုထားသည်။

ပင်လယ်ဓားပြများ၏ ရိုက်နှက်မှုများကြောင့် ဒဏ်ရာရလာသူများကိုလည်း ဆေးကုသမှုပေးထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးထားခဲ့ကြောင်း AA ကဆိုသည်။

ထို့နောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်သွယ်ပြီး အောက်တိုဘာလ (၁၄) ရက်၊ ညနေ (၆) နာရီ (၁၅) မိနစ်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shaporir ဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များထံသို့ ကောင်းမွန်စွာပြန်လည်အပ်နှံပေးခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။

PPV 003
ဓာတ်ပုံ-AA Info
#လူ့အခွင့်အရေး
#င်္ဂလားပင်လယ်အော်
#ဓားပြတိုက်ခံရ
#စွန့်ပစ်ခံထားရ
#ဘင်္ဂလားဒေ့ရှ်နိင်ငံသား
#AA
#ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့
#ပြန်လည်လွဲပြောင်းပေးခဲ့

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။