ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၂၊ ၂၀၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းဆတ်ခရိုင် ၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စု၊ ပိန်းခမ်းရွာတွင် တစ်ရွာလုံးနီးပါး ရေကြီးနစ်မြုပ် ရေထဲမျောပါသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၃) ရက်မှ စတင်၍ ရေကြီး နစ်မြုပ်ခြင်းများ ကြုံတွေ့နေရခြင်းဖြစ်ပြီး ပိန်းခမ်းရွာတွင် ရေကြီးခြင်းကြောင့် တံတားများ ရေနစ်မြုပ်ခြင်း ၊ စိုက်ခင်းများနှင့် နေအိမ်များ ရေနစ်မြုပ်ခြင်း တို့ ကြုံရကြောင်း သိရသည်။

ပိန်းခမ်းကျေးရွာတွင် ရေကြီးခြင်းကြောင့် ရေထဲမျောပါသွားသော နေအိမ် (၁၃) အိမ် ၊ ခေါင်မိုးလန် (ပျက်ဆီး ) နေအိမ်ပေါင်း ၂၀ အိမ်နှင့် စက်လှေ ၅ စီး ရေထဲမျောပါဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပိန်ခမ်းရွာတွင် အိမ်ခြေ ၈၅ အိမ်ရှိပြီး လူဦးရေ ၂၀၅ ဦး ရှိကြောင်းသိရသည်။

ပိန်းခမ်းရွာ ဒေသခံများသည် စက်လှေ မောင်းခြင်း၊ စပါး၊ နှင့် ပြောင်းဖူး စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ကြသဖြင့် လုပ်ငန်းခွင် ပြန်လည် စတင် လုပ်ကိုင်ရန် အခက်အခဲ များစွာ ကြုံတွေ့နေရသည်။

ရေကြီးနစ်မြုပ်ခြင်းကြောင့် နေအိမ်တွင် ပြန်လည် နေထိုင်မရသေးဘဲ နေအိမ်အတွင်း ရွံနွံများကို ပြန်လည် ထုတ်ယူရန် အခက်အခဲများစွာ ရှိကြောင်း၊ တချို့ နေအိမ်များကို ပြန် လည် ထုတ်ယူနေကြပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံကြား ဆက်သွယ်ထားသည့် ကားလမ်းသည်လည်း မိုးဆက်တိုက် ရွာသွန်းပြီး ရေကြီး၊ မြေပြိုမှုတွေကြောင့် ကားလမ်းတွေပျက်စီးလို့ ဒေသခံလူထု ကားတွေမသွားလာနိုင်ပဲ အခက်အခဲတွေ ကြုံနေရကြောင်း ကြားသိရသည်။

လက်ရှိ အောက်တိုဘာလ အထိ ချောင်းကျော်တံတားများ ပြိုကျပျက်စီးကာ ကားလမ်းများ သွားလာ၍ မရနိုင်အောင်ပျက်စီးနေခြင်းကြောင့် သွားလာရေး ခက်ခဲနေရကြောင်း ကြားသိရသည်။

photo Sai Kyaw Aung

#ppv006
#မိုင်းဆတ်
#ရှမ်းရှေ့
#သဘာဝဘေး
#ပိန်ခမ်းရွာ
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *