ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၁၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၇၀ ဦးဝန်းကျင်သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသမှ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပင်လည်ဘူးမြို့ကို ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ကာ အောက်တိုဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရကာ၊အလင်းဝင်လာသူ ၄၈ ဦးနှင့် စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရရှိကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်၊ ခဲယမ်းမီးကျောက် အမြောက်အများ၊ ကျောက်စိမ်းတုံး (လက် ကောက်) ဆိုဒ်စုံ ၂၃၄ ခု၊ Starlink အစုံ ၁ ခု ၊ အထိုင် Jammer ၅ ခု၊ Jammer Battery ၅ ခု၊ Jammer Battery အားသွင်းခုံ အစုံ ၄ ခု၊ ကျောလွယ် Drone Shooter Gun ၄ စုံ၊ Drone Shooter Gun Tablet ၁ ခု၊ Drone အသေး ၁ ခု၊ ဆက်သွယ်ရေးစက် အစုံ ၈ ခု၊ ဆက်သွယ်ရေးစက် Power Supply လက်လှည့် ၉ ခု၊ လက်ဗွေစစ်သေတ္တာပုံး ၁ ခု တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။
ထို့အတူ စစ်ကောင်စီ၏ အဓိကအခြေပြုသည့် စခန်းဖြစ်သော ရဲစခန်းအတွင်းမှလည်း ဘိန်းမဲအထုပ် ၁၈ ထုပ်၊ ခမ ၁ ပိဿာထုပ်၊ ဘိန်းဖြူဆပ်ပြာခွက် ၁၃၅၂ ခု၊ ဘိန်းဖြူအထုပ်သေး ၁၂၈၅ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက စစ်လေယာဉ်များဖြင့် အကြိမ်ရေ ၆၇၀ ကျော်တွင် ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်တပ်၊ ရဲနှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား ၇၇၂ ဦးထိ ရှိခဲ့ပြီး စစ်ကူအင်အားအများအပြားကို လည်း လေကြောင်းဖြင့် လာရောက်ချပေးခဲ့သော်လည်းစစ်ဆင်ရေးစတင်ပြီး နှစ်လ ကျော်ကြာအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
#PPV 003
#တိုက်ပွဲသတင်း
#ပင်လည်ဘူး
#မြို့သိမ်း
#စစ်ကိုင်း
#WhatHappenInMyanmar