The People’s Voice – ခမ်းသားငေါဝ်း
အချက်အလက်စစ်ဆေးခြင်း
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ် (Passport) ကိုပြုလုပ်လာသူများစွာ ရှိနေပြီး စစ်ကောင်စီမှလည်း ကန့်သတ်မူများစွာဖြင့် ပြုလုပ်လျက်ရှိပါသည်။ ထိုသို့ ကန့်သတ်မူများထဲမှာမှ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ပြုလုပ်ပေးချိန်တွင် သက်တမ်းတစ်နှစ်သာရှိသည့် နိုင်ငံကူးလက်မှတ်ကို ထုတ် ပေးမည်ဖြစ်ပြီး အဆိုပါ သက်တမ်းတစ်နှစ် ပြည့်ပြီးမှသာ နောက်ထပ် ၅ နှစ်သက်တမ်းရှိသည့် နိုင်ငံကူး လက်မှတ်ကို သက်တမ်းတိုးနိုင်မည်ဟု အောက်တိုဘာ ၄ ရက်နေ့ တွင် မီဒီယာ အသွင်ဆောင်ထားသည့် Price News Facebook Page မှ ဖြန့်ဝေထားပါသည်။
လက်ရှိသတ်မှတ်ထားမူတွင် အလည်အပတ် ခရီးအတွက်ဖြစ်သည့် (PV) နှင့် သင်္ဘောသား ပတ်စ်ပို့ (PS) တို့ကို သတ်မှတ်ခြင်းဖြစ်ပြီး PJ အတွက် မပါသေးဘူးဟု ထပ်ဆင့် ဖြန့်ဝေထားပါသည်။ ဤသတင်းကို အောက်တိုဘာ ၄ ရက်နေ့ တွင် မီဒီယာ အသွင်ဆောင်ထားသည့် Price News Facebook Page မှ ဖြန့်ဝေထားခြင်း ဖြစ်ပြီး ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးနေချိန်၌ မှတ်ချက်ပေးသူ ၂၄၂ ခု နှင့် လိုက်ခ်၊ ရီအက် ပြုလုပ်သူ ၅၄၀၀ ကျော်ရှိနေပြီး ထပ်ဆင့်ဝေမျှမူ ၁၉၀၀ ကျော်ရှိနေပြီး ဖြစ်ပါသည်။
သတင်းမှာ ဖြန့်ဝေထားသည့် လင့် – https://archive.ph/dexE9
ဤအကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ စိစစ်သည့်အခါ ဖန်တီးရေး သားထားသော သတင်းတု သတင်းမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
ထိုအကြောင်းကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြိုရှိ နိုင်ငံကူးလက်မှတ်အတွက် ကြားခံဝန်ဆောင်မူ ပြုလုပ်ပေးနေသည့် အမျိုးသမီး၏ ပြောကြားချက်တွင် “လက်ရှိရုံးမှာတော့ ၅ နှစ်သက်တမ်းရှိတဲ့ဟာတော့ ထုတ်ပေးနေသေးတယ် လိုင်းပေါ်မှာတော့ ယခုလိုမျိုး ပျံနှံနေတာကြားတယ် ရုံးဝန်ထမ်းတွေဆီက ပြောကြား ချက် ညွန်ကြားချက်တွေလည်းမကြားထားဘူး၊ တရားဝင် ထုတ်ပြန်ချက်လဲ မထုတ်ထားဘူး အပြင်မှာတော့ သက်တမ်း ၅ နှစ် ထုတ်ပေးနေသေးတယ်”ဟု အောက်တိုဘာလ ၁၀ ရက်နေ့တွင် ခမ်းသားငေါဝ်းအချက် အလက် စစ်ဆေးခြင်းအဖွဲ့ထံပြောကြားထားပါသည်။
ထို့အတူ တောင်ကြီးမြို့နယ် နိုင်ငံကူးလက်မှတ်ရုံးတွင်အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦး၏ ကလည်း “လောလောဆယ်တော့ ကျွန်တော်တို့ လုပ်ပေးတာ ၅ နှစ်သက်တမ်း ပေးနေသေးတယ် အဲလိုကန့်သတ် လိုက်တာတော့မရှိဘူး လက်ရှိမှာ ပတ်စပိုစ်လုပ်ရင် လျောက်ထားတဲ့ လူများတယ် တစ်ရက်ကို လူ ၁၀၀ ကျော် လာလုပ်ကြတယ် ရက်ချိန်းယူရင် တစ်လကျော်လောက် စောင့်ဆိုင်းရမယ်” ဟု အောက်တိုဘာလ ၁၀ ရက်နေ့က ခမ်းသားငေါဝ်းအချက်လက်စစ်ဆေးအဖွဲ့နှင့် တိုက်ရိုက် အင်တာဗျူးတွင် ဖြေကြားထားပါသည်။
စစ်ကောင်စီမှ သတင်းထုတ်ပြန်နေသည့် Website တွင်လည်း ဖော်ပြထားခြင်းမတွေ့ရှိရသလို နိုင်ငံကူး လက်မှတ် Passport ရုံး၏ ထုတ်ပြန်ချက်တို့ ထုတ်ပြန်ထားခြင်းများကိုရှာဖွေကြည့်ရာတွင် ယနေ့အထိ တွေ့ရှိရခြင်းမရှိပါ။
ထိုကိစ္စကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တရားဝင်စာ ထုတ်ပြန်ထားခြင်းလည်း မရှိသေးပါ။ ထို့အပြင် ယုံကြည်စိတ်ချရသည့် မီဒီယာဌါနများတွင်လည်း နိုင်ငံကူးလက်မှတ် တစ်နှစ်သက်တမ်းသာ လုပ်ဆောင်ပေးမည်ကိစ္စနှင့်ပတ်သက်ပြီး ရေးသားဖော်ပြထားမူများမတွေ့ရှိရပါ။
သုံးသပ်ချက်
မြန်မာနိုင်ငံကူးလက်မှတ်ကို လက်ရှိတွင် (၅) နှစ်သက်တမ်းရှိသည့် စာအုပ် ထုတ်ပေးနေသေးကြောင်းနှင့် သက်တမ်းလျော့ချခြင်းမျိုး မရှိသည်မှာ သတင်းမှန် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်သက်တမ်းသာရှိသည့် နိုင်ငံကူးလက်မှတ်စာအုပ်ကို ထုတ်ပေးဖို့ သတ်မှတ် လိုက်ပြီးဆိုသည့်မှာ သတင်းမှားသာ ဖြစ်ပါသည်။
၄င်းအကောင့်ပေ့စ်မှ တင်ထားသည့် အကြောင်းအရာတွင်မှာလည်း နိုင်ငံကူးလက်မှတ်ရုံးမှ ထုတ်ပြန်စာ၊ ထုတ်ပြန်သည့် ရက်စွဲနှင့် အတည်ပြုစတင်ထုတ်ပေးမည့် ကာလများစသည့် ခိုင်မာသောသက်သေ ပြချက်များ မတွေ့ရှိရပါဘူး။
မြန်မာနိုင်ငံသားများ၏ မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်း(၅)နှစ်ရှိ နိုင်ငံကူးလက်မှတ်အသစ်များ ဆက်လက်ထုတ်ပေးနေသည်။ အဆိုပါ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံး၍ အသစ်ပြန်လည် လျှောက်ထားခြင်းကို သက်တမ်း မကုန်ဆုံးမီ (၆)လ အလိုတွင် ကြိုတင်၍ လျှောက်ထားရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်ပနိုင်ငံခြားသို့ ပညာရေး၊ စားဝတ်နေရေးအရ သော်လည်းကောင်း၊ အလည်အပတ်၊ စစ်မူထမ်းဥပဒေနှင့် နိုင်ငံရေး ပဠိပက္ခတွေကြောင့် များစွာသော လူငယ်လူရွယ်များ နေ့စဥ်နှင့်အမျှ ပြည်ပနိုင်ငံသို့ထွက်ခွာရန် နိုင်ငံကူးလက်မှတ်များ ပြုလုပ်လာကြသည်ကို တွေ့ရပါသည်။
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်း အရာများကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှု့ရန်အကြံပြုတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း facebook page ၏ မက်ဆေ့ဘောက်သို့ ပေးပိုမေးမြန်းနိုင်ပါသည်။