ခမ်းသားငေါဝ်း
အောက်တိုဘာ ၈၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ပြီး ပြန်လာသည့် ကားမောင်းသူနှင့် အရပ်သား (၆)ဦးပါ ကားတစ်စီးကို အောက်တိုဘာလ (၆)ရက်နေ့ ညနေ (၄)နာရီကျော်တွင် (ARSA) လက်နက်ကိုင် တပ်ဖွဲ့မှ လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA)မှ အောက်တိုဘာ (၇)ရက်တွင် သတင်းထုတ်ပြန်ထားသည်။
(ARSA) တပ်ဖွဲ့၏အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ အောင်မင်္ဂလာကျေးရွာမှ အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ဝဲဖက်နားထင်ကို ကျည်ထိမှန် သေဆုံးခဲ့ပြီး ကျန်(၄) ဦးမှာ လက်နက်ငယ် ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ဒဏ်ရာရရှိသူများထဲမှ ဝမ်းဗိုက်ပြင်းထန် ဒဏ်ရာရရှိသူ တစ်ဦးနှင့် ဦးခေါင်း ပြင်းထန်ဒဏ်ရာရရှိသူ တစ်ဦးတို့ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
အရပ်သား ပြည်သူများကို အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်သွားသည့် (ARSA) လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
photo AA info
#PPV0011
#Humanright
#WhatHappenInMyanmar
#မောင်တော
#ARSA