ခမ်းသားငေါဝ်း
အောက်တိုဘာ ၈၊ ၂၀၂၄
မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကြီးမြို့၊ တောင်စောင်းရှိ ရပ်ကွက်များတွင် နေအိမ်များ ပြိုကျခြင်း၊ ပျက်စီးခြင်း ကြုံတွေ့နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ နယ်မြေ(၆) ၊ စမ်းရေတွင်း ဓမ္မာရုံ လမ်းကြားတွင် တောင်ပြိုကျပြီး နေအိမ်နံရံကို ပြိုကျပိတ်မိနေသဖြင့် အခက်အခဲ များစွာ ရှိကြောင်း သိရသည်။
“စမ်းရေတွင်း ဓမ္မာရုံ မြောက်ဘက် ၊ အပေါ်က တောင်ပြိုပြီး အိမ်ကို လာပိတာ၊ အောက်က အိမ်ပေါင်း ၃၀ လောက် ဧရိယာ ထဲမှာရှိနေတယ်။ အပေါ်ကနေ မီတာ ၃၀၀ လောက် ကနေ တောင်မြေ အိပြီး ပြိုလာတာ၊ အိမ်ထဲတောင် ရောက်သွားတယ်။” ဟု သွားရောက် ကြည့်ရှုခဲ့သူ တစ်ဦးက ပြောပြသည်။
ထိုနေအိမ် သည် တောင်ထိပ်ပေါ်မှ အကာအရန် ခံထားပေးသဖြင့် အောက် သို့ ဆက်လက် ကျဆင်းခြင်း မရှိဘဲ မြေကြီးများကို ခံထားခြင်း ဖြစ်ပြီး ထိုနေအိမ် မရှိလျှင် အောက်ဘက် နေအိမ်ပေါင်း (၂၀) ကျော် ထိခိုက် ပျက်စီးမည့် ဘေးအန္တရာယ် ကြုံတွေ့နေရကြောင်း သိရသည်။
တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်အတွင်း ရှိ တောင်ကုန်းတောင်စောင်း နေအိမ်များ အက် ကွဲခြင်း၊ အောက်ခြေ အမာခံ မြေသားများ ပြိုကျခြင်းကြောင့် နေအိမ် စောင်းသွားခြင်း၊ တောင်တက်လမ်း မြေသားများ လမ်းမြေသား ရေတိုက်စားခြင်း တို့ နေရာအနှံ့အပြားတွင် ကြုံတွေ့နေရသည်။
ဖရဲမြို့ရှောင်လမ်း၊ ကွမ်းယာဆိုင် အနီးတွင်လည်း တောင်ပေါ်မှ ကျောက်စိုင်ကျောက်သား မြေသားများပြိုကျလာသဖြင့် လမ်းပိတ်နေပြီး၊ အဆိုပါ အနီးအနားမှာပင် လမ်းမြေသား ပြိုကျခြင်းကြောင့် လမ်းတစ်ဝက်ကျော် မြေသား အိကျ ပြိုဆင်းနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ထို့ပြင် တောင်ကြီး – ရွှေညောင် သွားလမ်း ၊ မြို့ဝင် (၅)လမ်းဆုံ သွားလမ်း တို့တွင်လည်း လမ်းမြေသားများ တိုက်စားခြင်းကြောင့် ပြိုကျခြင်း တောင်ပြို၍ လမ်းပိတ်ခြင်းများကြောင့် ယာယီ လမ်းပိတ်၍ ပြင်ဆင်နေကြောင်း ဆိုင်းဘုတ်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၁၁) ရက် ခန့် မိုးသည်း ထန်စွာ ရွာခြင်းကြောင့် တောင်ကြီးမြို့၊ တိုင်းရင်း သားပေါင်းစုံ သုဿာန် သွားလမ်း တွင်လမ်းမြေပြိုကျခြင်းကြောင့် လမ်းအောက်ဘက် ရှိ နေအိမ်ပေါင်း ၄ အိမ်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ မြေသားတအိအိ နှင့် ပြိုဆင်းသွားသည်မှာ တစ်လ ကျော် ကြာမြင့်ပြီ ဖြစ်ကာ ဓါတ်တိုင် ၂ တိုင် ပါ သွားသဖြင့် အနီးအနားနေအိမ်များ၊ ယနေ့ အထိ လျှပ်စစ်မီး မရသေးကြောင်း သိရသည်။
တိုင်းရင်းသားပေါင်းစုံ သုဿာန် သွားလမ်း အောင်ဗောဓိမြရတနာကျောင်းတိုက် လမ်းဆုံ ကတ္တရာလမ်းလည်း ပျက်စီးကာ၊ ဝန်ထမ်းအိမ်ရာ အတက်လမ်းတွင်လမ်းမြေသားတိုက်စားခြင်း ကြောင့် လမ်းတစ်ဝက်ကျော် ပျက်စီးနေသည်ကိုလည်း မြင်တွေ့ရသည်။
photo local
#ppv006
#Taunggyi
#မြေပြို
#လမ်းပျက်
#သဘာဝဘေး
#WhatHappenInMyanmar