ခမ်းသားငေါဝ်း
အောက်တိုဘာ ၉၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ နေအိမ်များ အချိန်ကြာမြင့်စွာ ရေနစ်မြုပ်ခြင်းကြောင့် နေအိမ်ကြမ်းခင်းများ ဆွေးမြည့် ပျက်စီးလာကြောင်း ဒေသခံများ ထံမှ သိရသည်။

အင်းလေးကန် ရေပေါ်တွင် ဆောက်ထားသည့် နေအိမ်အများစု တို့သည် ရေကြီးနစ်မြုပ်မှု ဒဏ်ကို တစ်လနီးပါး ရှိနေပြီး၊ အောက်တိုဘာလ(၃) ရက် အထိ ရေကျခြင်းမရှိဘဲ နစ်မြုပ်နေသဖြင့် နေအိမ်များ ပျက်စီးသွားရမည် ကို စိုးရိမ်ဖွယ် ရှိကြောင်း ဆိုသည်။

အင်းလေးကန်ရှိ သွပ်ကာ နံရံ နေအိမ် အများစုသည် လန်ထွက်ကုန်ပြီး ပျက်စီးကုန်ခြင်း၊ ရေပေါ်တွင် ဆောက်ထားသော သစ်သား ကြမ်းခင်းနေအိမ်များသည် ကြမ်းခင်းများ ကော့လာခြင်း ရှိကြောင်း ဒေသခံ တစ်ဦက ပြောသည်။

“အင်းထဲက အိမ်တွေတော့ ရေကျသွားရင်တော့ ပြန်လည် ထူထောင်ရေးအတွက် အတော်လေး ပြန်လည် ပြုပြင်ရ ဦးမယ်။ နေအိမ်တွေ က ရေစိမ်ထားသလိုဖြစ်ပြီး တော်တော်လေး ပျက်စီးကုန်တယ်။ တချို့ သွပ်မိုး သွပ်ကာ နေအိမ်တွေဆိုရင် အကုန်လုံး ပျက်စီးကုန်တာ မြင်တွေ့ရတယ် ” ဟု အင်းလေးကန် ဒေသခံ တစ်ဦးက ပြောသည်။

ထို့ပြင် အင်းလေးကန်တွင် စက်လှေများမောင်းပါက ညင်သာစွာမောင်းနှင် ကြပါရန် ရေပေါ် စက်လှေ မောင်းရာ လှိုင်းပုတ်ခြင်းကြောင့် နေအိမ်များ ထိခိုက် မှု ရှိပြီး ဖြေးညင်းစွာ မောင်းနှင်ကြရန် အင်းလေး ရေပေါ် ကျေးရွာမှ ဒေသခံများက မေတ္တာရပ်ခံထားကြကြောင်း သိရသည်။

သမိုင်းကြောင်း တစ်လျှောက်တွင် သဘာ၀ဘေးကြောင့် ညောင်ရွှေမြို့ပေါ် နှင့် ရေပေါ်ကျေးရွာများတွင် စက်တင်ဘာလ(၁၁) ရက် နောက်ပိုင်း ရေကြီး နစ်မြုပ်ခြင်းကြောင့် ထိခိုက် ပျက်စီးမှု ဆုံးရှုံးမှု ပမာဏ အများဆုံး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ညောင်ရွှေမြို့နယ် အတွင်း ရေကြီးနစ်မြုပ်ခြင်းကြောင့် နေအိမ် နှင့် စိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့ခြင်း ဖြစ်ကာ ဆုံးရှုံးမှု ပမာဏ ကို မတွက်ချက် နိုင်သေးကြောင်း သိရသည်။

“ ညောင်ရွှေမြို့ က အသက် ၁၀၀ ရှိတဲ့ ဘကြီးဦးစံမြ တောင် ခုမှ ကြုံဖူးတာဆိုတော့ နှစ် ၁၀၀ အတွင်း အမြင့်ဆုံးစံချိန်ပါ.”ဟု ညောင်ရွှေမြို့ခံ တစ်ဦးက ပြောသည်။

အင်းလေးကန် ၊ ရေပေါ် ကျေးရွာများတွင် ရေနစ်မြုပ်နေသော ကျေးရွာများ အကူအညီ မရသေးသော ကျေးရွာများ ကျန်ရှိနေသေးကြောင်း ဒေသခံများ အကူအညီတောင်းချက် အရ သိရသည်။

photo credit
#ppv-006
#အင်းလေး
#သဘာဝဘေး
#ရေနှစ်မြှုပ်
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed