ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၊ ၂၀၂၄

နေအိမ်နှင့်ဆိုင်ခန်းများ ရေကြီးနစ်မြုပ်ခံရ၍ ရွှေညောင်နှင့် ညောင်ရွှေတို့တွင် ထိခိုက်ဆုံးရှုံးမှု ငွေကျပ် သိန်းပေါင်းသောင်းကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် စက်တင်ဘာလ (၁၁) ရက်ကရေကြီး ခြင်းကြောင့် နေအိမ်များ၊ ဆိုင်ခန်း၊ စျေးဆိုင်ခန်းများ၊ ကုန်ပစ္စည်း ဂိုထောင်များ၊ ဆန်စက်များ၊ ဓါတ်မြေဩဇာ သိုလှောင်ရုံများ ရေနစ်မြုပ်ခဲ့ပြီး ကာလ တန်ဖိုး သိန်းသောင်းချီ ပျက်စီးခဲ့ရသည်။

ရွှေညောင်ဒေသခံ တစ်ဦး ခန့်မှန်းပြောပြချက် အရ ငွေကျပ် သိန်းပေါင်း လေးသောင်းကျော်ခန့် ပျက်စီးမှု ပမာဏ ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်ပြသည်။

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် အဓိက အားဖြင့် ဆန်စက်ကြီးများ၊ ဓါတ်မြေဩဇာ အရောင်းဆိုင်များစွာတည်ရှိရာ မြို့ဖြစ်ပြီး ၊ ရွှေညောင် နှင့် ညောင်ရွှေတို့တွင် စပါးကို အများဆုံး စိုက်ပျိုးကြခြင်းဖြစ်သည်။

“ရေစို ဆန်အိတ်တွေက တိရစ္ဆာန်အစာအတွက်ပဲ သုံးလို့ ရမယ်ထင်တယ်။ အရက်ချက်တဲ့ သူတွေ က မယူဘူး။ နံလို့ သုံးလို့ မရဘူးပြောတယ်။ ရသလောက် စျေးနဲ့ ပေါပေါ ပဲပဲ ရောင်းလိုက်ရတာပေါ့။ စပါးတွေလဲ ရေစိုတာအများကြီး တောင်သူတွေ လဲ ရသလောက် ပြန်သယ်နေတာ တွေ့တယ်။ ထိခိုက်ဆုံးရှုံးမှု အတော် များတယ်။” ဟု ရွှေညောင် ဒေသခံ တစ်ဦးက ပြောသည်။

ထို့ပြင် ရွှေညောင်စျေးကိုလည်း ရေနစ်မြုပ်သဖြင့် စျေးဆိုင်ခန်းရှိ ကုန်ပစ္စည်းများ၊ အထည်အလိပ်များ၊ ဆေးဝါးများ၊ စားသောက်ကုန်များ ထိခိုက်ပျက်စီးမှု များပြားကြောင်း သိရသည်။

ရွှေညောင်မြို့ ပြည်ထောင်စု လမ်းမကြီး တ လျှောက်ရှိ ဆိုင်ခန်းများ အားလုံးရေကြီးနစ်မြုပ်ခဲ့သဖြင့် ဆိုင်ခန်းရှိ ကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဘိလပ်မြေများ၊ သံထည်ပစ္စည်းများလည်း ရေစို၍ ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

ရွှေညောင်မြို့တွင် စက်တင်ဘာလ(၁၀) ရက် ညပိုင်းတွင် ကျီးဖြူကန် သို့ တစ်နာရီလျှင် ၄ ပေ နှုန်းရေတိုး ခဲ့သဖြင့် ကျီးဖြူကန်မှ ရေဖွင့်ချခဲ့ရာ ကုန်းလှိုင်ကန်သို့ ရေများ ပြည့်လျှံခဲ့ခြင်း ဖြစ်သည်။

ကုန်းလှိုင်ကန်တွင် ညဘက် လမ်းပေါ်သို့ ရေကျော်နေခဲ့ပြီး၊ ကန်အရှေ့ဘက် ရေထွက်ပေါက် တံခါးအနီးတွင် အုတ်ကန်ကျိုးကျမှု ဖြစ်ပြီး ရွှေညောင်မြို့ ရေလွှမ်းခဲ့ခြင်း ဖြစ်သည်။

ကုန်းလှိုင်ကန်အတွင်း ရေများသည် တစ်မိုင်ခွဲ ပတ် လည် လှောင်ထားသလို ဖြစ်ကာ ကုန်းမို့ ရွာ အထိ ရေပြင်ကျယ် ဖြစ်ခဲ့ရပြီးစက်တင်ဘာလ (၁၁) ရက် ကရွှေညောင်တစ်မြို့လုံး ရေပြင်ဖုံးလွှမ်းခဲ့ကာ ထိုရေများသည် တာယော ချောင်းမှ အင်းလေးကန် အတွင်းသို့ တဖြေးဖြေးစီးဝင် သွားခြင်း ဖြစ်သည်။

ရွှေညောင်မြို့တွင်း လမ်းမကြီး ပါ ရေကြီး ရေလျှံခဲ့ကာ စက်တင်ဘာလ (၁၂) ရက် တွင် လေးပုံ တစ်ပုံ ခန့် ရေကျသော်လည်း လေးပုံသုံးပုံခန့် ရေကြီး နစ်မြုပ်နေခြင်း ဖြစ်သည်။

စက်တင်ဘာလ (၁၃) ရက် နေ့လည်မှ ရေတဖြေး ဖြေးချင်း ကျဆင်းခဲ့ပြီး ရွှေညောင်မြို့၊ တာယော ၊ မင်းလမ်း တို့တွင် ရေကျသွားသော်လည်း ပြည်ထောင်စုလမ်းမကြီး၏ ဘေးလမ်း ပထမလမ်း၊ ဒုတိယလမ်း တို့တွင် စက်တင်ဘာလ (၁၄) ရက် ၊ (၁၅) ရက်မှရေ လျော့ကျသွားသည်။

ညောင်ရွှေမြို့နယ်တွင်လည်း ရေပေါ်ကျေးရွာများနှင့် ရေစပ် ကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး၊ ရေမြုပ်သော ကျေးရွာတိုင်း အိမ်တိုင်းနီးပါး ရေမြုပ်ပျက်စီးခဲ့ပြီး ဆန်ဆိုင်များ ရေနစ်မြုပ်ခဲ့ရာ ဆန်အိတ်ပေါင်း များစွာ ပျက်စီးခဲ့ကာ ရေနစ်မြုပ် ပျက်စီးခဲ့သည့် ဆန်အိတ် များ၊ စပါး များကို ပြန်လည် အသုံးပြု၍ မရတော့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု ပမာဏ ကို အသေးစိတ် မတွက်ချက် နိုင်သေးကြောင်းသိရသည်။

ကလောမြို့တွင်လည်း ယမန်နေ့ က ပြန်လည်၍ နောက်တစ်ခေါက် ရေကြီးရေတက် လာသဖြင့် အိမ်ရှင်းလင်းရေး အဖွဲ့များက ကူညီ ရှင်းလင်း ဆောင်ရွက်ပေးခဲ့ရပြီး နမ့် လတ် အဖွဲ့ထံမှ သိရသည်။

နမ့်လတ် အဖွဲ့သည် ကလောမြို့ကို ရှင်းလင်းသန့်ရှင်းရေး ဆောင်ရွက်နေသည်မှာ ၁၈ ရက် ကျော်လာပြီ ဖြစ်ကာ အောက်တိုဘာ လ (၂) ရက် ယနေ့တွင် လူအင်အား (၈၀) ဖြင့် ဆောင်ရွက်ရှင်းလင်း သွားမည် ဖြစ်ကြောင်း သိရသည်။

#ppv006
#သဘာဝဘေး
#ပျက်စီးဆုံးရှုံးမှုများပြား
#ရှမ်းတောင်
#WhatHappenInMyanmar

VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed