ခမ်းသားငေါဝ်း

အောက်တိုဘာ ၃၊ ၂၀၂၄

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က နေ့စဥ်လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေသည့်အတွက်ကြောင့် စစ်ဘေးရှောင်ဒေသခံများက နေရပ်မပြန်ရဲကြသေးကြောင်းအောက်တိုဘာလ(၃)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကယားနယ်စပ်တစ်ကျောတွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ကျေးရွာဘက်သို့နေ့စဥ်ပစ်ခတ်လာမှုပြုလုပ်နေသည့်အတွက် စစ်ဘေးရှောင်များနေရပ်ပြန်ရန်အခက်အခဲရှိနေသည်၊၊

“လက်နက်ကြီးကနမ့်ဖာမူဖက်နဲ့ ကောင်ဆိုင်ရွာဘက်တွေမှာပိုကျတယ် ဒီရက်ပိုင်းအတွင်းက၊ ဗန်းမောက်ဘက်လည်းကျတယ်ပြောတယ် ရွာသားတွေကတော့ပြေးနေရတုန်းပဲ ပြန်လာလို့မရသေးဘူး လက်နက်ကြီးကရွာတွေထဲနေ့တိုင်းကျတော့ ပြန်မနေရဲသေးဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကျေးရွာအတွင်းသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က ရွာထဲသို့တစ်ဖက်သက် လက်နက်ကြီးများပစ်ခတ်လာခြင်းသာဖြစ်ကြောင်း ၎င်းကပြောသည်။

“အခုသူများရွာမှာစစ်ဘေးရှောင်နေရတော့ လွတ်လွတ်လပ်လပ်လည်းသွားလာလို့မရ ဖယ်ခုံမြို့နယ် မှတ်ပုံတင်ကိုင်ထားတဲ့လူဆိုလည်း တစ်ချို့ရွာတွေကလက်မခံချင်ကြဘူး နေအိမ်ပြန်ချင်ပေမဲ့ ပြန်လို့မရသေးလို့သာ နေနေရတာ အဆင်ပြေမနေဘူး”ဟု ၎င်းကဆက်ပြောသည်။

ရှမ်း-ကရင်နီနယ်စပ်ဒေသတွင် တိုက်ပွဲများမကြာခနဖြစ်ပွားလေ့ရှိပြီး ယခုတစ်ဖန်တိုက်ပွဲထပ်မံဖြစ်ပွားလာ သောကြောင့် ပင်လောင်းမြို့နယ်တောင်ဘက် နမ့်ဖာမူ၊ တရွတ်မွူး၊ ညောင်မွူး၊ ဗန်းမောက်၊ ကုန်း‌ပေါ၊ လင်ခံ၊ ကောင်ဆိုင်၊ ပင်စုံ၊ ဆောင်လန်စသည့် ကျေးရွာမှဒေသခံအများအပြားစစ်ဘေးထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။

#PPV007
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းတောင်ဘက်
#တိုက်ပွဲများဖြစ်ပွားနေဆဲ
#နေ့စဥ်လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေ
#စစ်ဘေးရှောင်ဒေသခံများ
#နေရပ်မပြန်ရဲကြသေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။